NCA အတိုင်းဆက်သွားမည့် မူလ PNLO လက်ကျန်အဖွဲ့ကို ဦးဆောင်သွားမည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာပြောဆို

By MPM 16 စက်တင်ဘာ, 2024 👁

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်သွားရန် မူလ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) လက်ကျန်အဖွဲ့ကို စုဖွဲ့မှုအသစ်ဖြင့် ဆက်လက်ဦးဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက စက်တင်ဘာလ ၁၀ ရက်နေ့စွဲဖြင့် ကြေညာထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ခွဲထွက်) PNLO – AD သည် မူလ PNLO အဖွဲ့မှ အပြီးအပိုင်နှုတ်ထွက်ကြောင်း ဦးဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “အာဏာရှင်ဆန့်ကျင်ရေးတစ်ဖွဲ့ ခွဲထွက်သွားပြီးတော့ NCA ငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း ဆက်သွားမယ့်တစ်ဖွဲ့ ကျန်ခဲ့တဲ့သဘောပါ။ ကျန်ခဲ့တဲ့တစ်ဖွဲ့မှာ ကျနော်ပြန်ပြီးတော့ ဦးဆောင်မှာပါ။ အဲ့ဒီမှာတော့ ပြန်စုဖွဲ့မှုအသစ်ကတော့ မပြောတတ်သေးဘူး။ ကျနော်တို့ လာသမျှလူပြန်စုနေတော့ အချိန်နည်းနည်းစောင့်နေတယ်” ဟု ပြောသည်။

အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းပြီး အရပ်သားများကို အကာအကွယ်ပေးရေး၊ နိုင်ငံတကာအကူအညီ လက်ခံရရှိရေးအတွက် ဆက်လက်လုပ်ဆောင်လိုခြင်းကြောင့် NCA လမ်းကြောင်းအတိုင်း ဆက်သွားမည့် မူလ PNLO နှင့် စစ်ကောင်စီကိုတိုက်ခိုက်မည့် PNLO (ခွဲထွက်) ဟူ၍ ကွဲသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော် နာယကပဲ ဆက်လုပ်မလား၊ သို့တည်းမဟုတ် လိုအပ်ချက်အရ ဥက္ကဋ္ဌပဲလုပ်ရမလား၊ ကျနော်ကတော့ မလုပ်ချင်တော့ဘူး။ လောက်လောက်လားလား အားကိုးရတဲ့လူရှိရင်တော့ ကျန်ခဲ့တဲ့အဖွဲ့ NCA လမ်းကြောင်းသွားမယ့် ဥက္ကဋ္ဌရယ်၊ ကျနော်ကတော့ အကြံပေးနာယကပဲ ဆက်သွားချင်တယ်။ သို့သော်လည်းပဲ စုဖွဲ့မှုအသစ်ကတော့ ကျနော်တို့လူမစုံသေးတော့ မကြေညာဖြစ်ဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်ပြောသည်။

NCA လမ်းကြောင်းအတိုင်း ဆက်သွားမည့် PNLO လက်ကျန်အဖွဲ့၏ စုဖွဲ့မှုပုံစံအသစ်ကို လာမည့် (၉) နှစ်မြောက် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီးတွင် ကြေညာသွားမည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့တို့တွင် အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့သည့် 7 EAO Alliance ဦးဆောင်အဖွဲ့အစည်းအဝေးသို့ PNLO ကိုယ်စားပြုအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ဗိုလ်မှူးခွန်မင်းသိန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် NCA လက်မှတ်ထိုးစဉ်က အသုံးပြုခဲ့သည့် PNLO နာမည်ကို ဆက်လက်ထိန်းသိမ်းပြီး စာချုပ်အတိုင်း အလုပ်ဆက်လုပ်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

NCA စာချုပ်အရ တရားဝင်မှုကို ဆက်လက်စွဲကိုင်နိုင်မှသာ ပြည်တွင်းတွင် အရပ်သားများအကာအကွယ်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့် တရားဝင်မှု Legitimacy ကို လက်မလွှတ်ချင်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုသည်။

လက်ရှိတွင် ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအရ၊ မူဝါဒအရ ကွဲပြားခြင်းဖြစ်ပြီး စစ်ရေးအရ ပဋိပက္ခဖြစ်ပွား၍ ကွဲပြားခြင်းမဟုတ်ကြောင်းလည်း ၎င်းကပြောသည်။

၂၀၀၉ ခုနှစ်တွင် PNO မှ ခွဲထွက်ကျန်ရစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သော (PPLO) နှင့် ရလလဖ (SNPLO) မှ ခွဲထွက်လာသူ ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်အင်အားစုများက အခြားပအိုဝ်းအင်အားစုငယ်များ ဝိုင်းရံလျက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခြားတဘက်တွင် ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့် PNLO အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် စစ်ကောင်စီတပ်နှင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားသည့်အချိန်မှ စတင်၍ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွင် ပါဝင်ခြင်း ရပ်ဆိုင်းသွားပြီဖြစ်ပြီး စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသည့် 7 EAO Alliance တွင် PNLO မှ ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိကြောင်း စက်တင်ဘာလ (၁၃) ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။