ဂျပန်နိုင်ငံအခြေစိုက် KDDI Corporation နှင့် Sumitomo Corporation တို့အနေဖြင့် အာဏာသိမ်း စစ်တပ် ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းဆောင်ရွက်နေမှုကို ချက်ချင်းရပ်ဆိုင်းပြီး မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာရန် Justice For Myanmar (JFM)၊ Mekong Watch နှင့် ဂျပန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၅ ဖွဲ့က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။
စစ်တပ်အာဏာသိမ်းသည့် ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက်ပိတ်ပင်ကန့်သတ်မှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့ပြီး စစ်အုပ်စု၏ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းမှုနှင့် အွန်လိုင်းဆင်ဆာဖြတ်တောက်မှုများလည်း ပိုမိုပြင်းထန်လာခဲ့ကြောင်း အဖွဲ့အစည်းများက ဆိုသည်။
“MPT ဟာ အရပ်သားပြည်သူတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ အသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ် ထိန်းချုပ်မှုယန္တရားရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
ထို့အပြင် KDDI နှင့် Sumitomo တို့၏ MPT နှင့် ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာဥပဒေအရ တာဝန်ခံရနိုင်ခြေရှိပြီး ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
JFM ၏ စုံစမ်းဖော်ထုတ်ချက်များအရ စစ်အုပ်စုသည် တရုတ်ကုမ္ပဏီ Geedge Networks နှင့် ပူးပေါင်း၍ တရုတ်နိုင်ငံ၏ “ Great Firewall” စနစ်ကို အခြေခံထားသည့် အင်တာနက် စောင့်ကြည့်ထိန်းချုပ်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
အဆိုပါစနစ်ကို အသုံးပြု၍ စစ်အုပ်စုသည် ပြည်သူများ၏ အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့် ခြေရာခံခြင်း၊ ဖမ်းဆီးခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းတို့ ပြုလုပ်နိုင်ခဲ့ပြီး MPT သည် ထိုစောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာနည်းပညာများကို ပထမဆုံး အကောင်အထည်ဖော်သည့် ဆက်သွယ်ရေးအော်ပရေတာဖြစ်ကြောင်း အဖွဲ့အစည်းများက ထောက်ပြထားသည်။
၎င်းအပြင် MPT သည် စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးအပါအဝင် စစ်အုပ်စု၏ ဝါဒဖြန့်မီဒီယာများအတွက် ဝက်ဘ်ဆိုက် ဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KDDI နှင့် Sumitomo တို့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဖက်စပ်တည် ထောင်ထားသော KDDI Summit Global Myanmar (KSGM) မှတစ်ဆင့် MPT နှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။
သို့သော် KSGM ဘက်က MPT အပေါ် ပံ့ပိုးကူညီမှုအခန်းကဏ္ဍကို လျှော့ချထားပြီးဖြစ်ကြောင်း၊ မတည်ငွေရင်းဆိုင်ရာ ဆက်နွှယ်မှုမရှိတော့ကြောင်းနှင့် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ မေးမြန်းမှုကို တုံ့ပြန်ပြောဆိုထားသည်။
ထိုကဲ့သို့သော အကြောင်းပြချက်များသည် လုံလောက်မှုမရှိကြောင်း၊ MPT ကို ဆက်လက် နည်းပညာပံ့ပိုးနေခြင်းသည် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီရာရောက်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ထောက်ပြသည်။
Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ ယူကာကီဂူချီက “KDDI နဲ့ Sumitomo တို့ဟာ MPT ကို နည်းပညာအမျိုးမျိုး ပံ့ပိုးပေးခဲ့ပြီးဖြစ်တဲ့အတွက် လူ့အခွင့်အရေးကို လေးစားကာကွယ်ရမယ့် သူတို့ရဲ့ တာဝန်ဝတ္တရားတွေကနေ ရှောင်လွှဲလို့ မရပါဘူး” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
KDDI နှင့် Sumitomo တို့အနေဖြင့် MPT နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ချက်ချင်းရပ်ဆိုင်းပြီး မြန်မာပြည်သူများ၏ အခွင့်အရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ငန်းဆောင်ရွက်မှုများမှ တာဝန်ယူမှုရှိစွာ နုတ်ထွက်ရန် အရပ်ဘက်အဖွဲ့အစည်းများက ထပ်မံတောင်းဆိုထားသည်။
ကေအိုင်စီ