23 ဧပြီ 2025 /

See today's Peace Related News

သတင်းMNDAA က သိန္နီမြို့နယ်ရှိ ပြည်သူပိုင်မြေများကို တစ်သျှူးငှက်ပျောစိုက်ရန် အတင်းအဓမ္မငှားရမ်းနေ

MNDAA က သိန္နီမြို့နယ်ရှိ ပြည်သူပိုင်မြေများကို တစ်သျှူးငှက်ပျောစိုက်ရန် အတင်းအဓမ္မငှားရမ်းနေ

သျှမ်းပြည်၊ သိန္နီမြို့နယ်အတွင်းရှိ မြို့တွင်းနှင့် ကျေးရွာဒေသများတွင် တစ်သျှူးငှက်ပျောစိုက်ပျိုးရန် ပြည်သူပိုင်မြေများကို ကိုးကန့်တပ် (MNDAA) က အတင်းအဓမ္မငှားရမ်းနေကြောင်း ဒေသခံတို့ ပြောဆိုမှုအရသိရသည်။

ပြီးခဲ့သည့် မတ်လ ပထမပတ်ကစ၍ သိန္နီမြို့တွင်းနှင့် ကျေးရွာရှိ ပြည်သူပိုင်မြေများကို MNDAA က တစ်သျှူးငှက်ပျောပင် စိုက်ပျိုးရန်အတွက်ဆိုကာ အတင်းအဓမ္မ ငှားရမ်းနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဒီလ ပထမအပတ်လောက်ကတည်းက MNDAA က ဒေသခံခြံမြေကို တစ်သျှူးငှက်ပျောပင်စိုက်မယ်ဆိုပြီး မြေငှားဖို့ လာပြောတယ်။ ပြည်သူဆန္ဒမပါဘဲ အတင်းအဓမ္မပုံစံမျိုးနဲ့ လာပြောတယ်။ ဒေသခံကို သူတို့ပေးတဲ့ဈေးနဲ့ မပေးငှားလည်း သူတို့စိုက်မှာပဲတဲ့။ တစ်ဧကကို တောင်ကုန်းဆိုရင် တစ်နှစ် ၂ သိန်း၊ မြေပြန့်ဆို တစ်နှစ် ၅ သိန်းနဲ့ ငှားတာ။ စာချုပ်က ၅ နှစ် စာချုပ်နဲ့ လုပ်ရမယ်လို့ ပြောတယ်” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။

MNDAA က ပြည်သူပိုင်ခြံမြေများကို တစ်နှစ်အတွင်း တောင်ကုန်းမြေတစ်ဧကလျှင် ကျပ်ငွေ ၂ သိန်းနှင့် မြေပြန့်ခြံ တစ်ဧကလျှင် ကျပ်ငွေ ၅ သိန်းဖြင့်သာ ငှားယူနေပြီး၊ ငှားရမ်းငွေများကို နှစ်နှစ်ပြည့်မှသာ တကြိမ်ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

MNDAA က ပြည်သူပိုင်မြေများ ငှားရမ်းသည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်သူများက မြေများကို ငှားရမ်းမှုမပြုလျှင် MNDAA က အတင်းအဓမ္မသိမ်းမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဆိုသည်။

သိန္နီဒေသခံတို့၏ ခြံပိုင်မြေများကို MNDAA တပ်က မြေထွန်စက်ကြီးဖြင့် လာရောက်ထွန်နေပြီး၊ MNDAA က ယခုလိုပြုလုပ်ခြင်းမှာ ပြည်သူအတွက် ဝင်ငွေလား (သို့) ထောင်ချောက်လားဆိုသည်ကို သေချာစဉ်းစားရန် လိုအပ်ကြောင်း အသက် ၄၀ အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

သိန္နီမြို့ဒေသခံများနှင့် ကျေးရွာပြည်သူများသည် ပြောင်ဖူးနှင့် စပါးများကို အဓိက စိုက်ပျိုးလုပ်ကိုင်ပြီး ယခုကဲ့သို့ MNDAA ကို မြေငှားရမ်းပေးရမည်ဆိုပါက စားဝတ်နေရေးအတွက် ခြံမြေမရှိတော့ဘဲ အခက်အခဲဖြစ်လာနိုင် ကြောင်းလည်း အဆိုပါ ဒေသခံအမျိုးသမီးက ဆိုသည်။

“MNDAA တွေ က မြေထွန်စက်အကြီးနဲ့တောင် လာထွန်နေပြီ။ လက်နက်ကိုင်တွေဆိုတော့ ပြည်သူတွေ မဆန့်ကျင်ရဲကြဘူး။ သူတို့ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်သူအတွက် ဝင်ငွေလား၊ ထောင်ချောက်လားဆိုတာ သေချာ စဥ်းစားရွေးချယ်ဖို့ လိုမယ်။ သူတို့ ခုလိုလုပ်လိုက်တော့ ကျမတို့ စိုက်ပျိုးဖို့အတွက် နယ်မြေမရှိတော့ဘဲ အကျိုးစီးပွားရေးကိုလည်း ဖျက်ဆီးစေတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် သျှမ်းမြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်းကျေးရွာတွင်လည်း MNDAA တပ်ဖွဲ့က တစ်သျှူးငှက်ပျောပင် စိုက်းပျိုးရန်အတွက် ဒေသခံပိုင်မြေများကို ၁၅ နှစ် စာချုပ်ဖြင့် ငှားယူနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူတစ်ဦးက ပြောသည်။

“သိန္နီတင်မကဘူး MNDAA သူတို့ရှိတဲ့ နယ်မြေတကြောကို တစ်သျှူးငှက်ပျောစိုက်ဖို့ လုပ်နေကြတယ်။ နမ့်ပေါင်းရွာမှာဆိုရင် ၁၅ စာချုပ်နဲ့ ချုပ်ခိုင်းတယ်။ ရွာက စားသောက်ဖို့အတွက် စိုက်ပျိုးမယ်လို့ပြောတော့လည်း သူတို့က မပေးငှားရင် စွတ်လုပ်နေမှာ ဘယ်သူမှမဆန့်ကျင်ရဲကြဘူး” ဟု ၎င်းက ပြောသည်။

တစ်သျှူးငှက်ပျောသည် တရုတ်နိုင်ငံသို့ အဓိကတင်သွင်းသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ငှက်ပျောစိုက်ပျိုးရာတွင် အသုံးပြုသည့် ဓာတုဆေးများ၊ ပိုးသတ်ဆေးများ၊ ပေါင်းဆေးများ၊ ရွက်ဖျန်းဆေး၊ မြက်သတ်ဆေးနှင့် ဓာတုဆေးဗူးများ အသုံးပြုရကြောင်း သိရသည်။

ထို့ဓာတုဆေးများကြောင့် MNDAA က သိန္နီပြည်သူပိုင်မြေများကို ၅ နှစ်အတွင်း ငှားရမ်းပြီး စိုက်ပျိုးမှု ပြုလုပ် လျှင် မြေဆီပျက်ဆီးမှုများ ဖြစ်လာပြီး၊ အခြားသီးနှံ​နှင့် စပါးများ မစိုက်ပျိုးနိုင်မည်ကို စိုးရိမ်နေကြကြောင်း သိန္နီဒေသခံများက ပြောဆိုသည်၊

“ဒီက မြေဆီတွေက အရမ်းကောင်းတယ်။ MNDAA အနေနဲ့ တစ်သျှူးငှက်ပျောစိုက် ဓာတ်မြေသြဇာ အလွန်အကျွံ သုံးရင်တော့ ပျက်စီးမှာပဲ။ နောက် ၅ နှစ်ပြီးရင် မြေက အခြားသီးနှံစိုက်လို့ မရနိုင်တော့သလို အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးတာ ဒေသခံတွေ ရောဂါဖြစ်လာမှာပဲ စိုးရိမ်နေရတယ်Ó ဟု သိန္နီဒေသခံတောင်သူတစ်ဉီးက ပြောသည်။

အဆိုပါ ပိုးသတ်ဆေးများကို စနစ်တကျ မစွန့်ပစ်လျှင် ပြည်သူများအဆိပ်သင့်နိုင်ကြောင်း၊ တစ်သျှူး ငှက်ပျော စိုက်ပျိုးမှုသည် ကချင်ပြည်တွင် ကြုံတွေ့လာခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

MNDAA သည် သိန္နီမြို့ကို ၂၀၂၄ ခုနစ် ဇန်နဝါရီလဆန်းပိုင်းတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး၊ MNDAA နှင့် စစ်ကောင်စီ အကြား တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့တွင် (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်၍ တရားဝင်အပစ်ရပ်သဘောတူညီချက် အသက်ဝင်ကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ် ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် မစ္စမော်နင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။