LGBT များအား လက်ခံမှုမြင့်လာဟု MRPC တာဝန်ခံပြော

By MPM 18 မေ, 2026 👁 3

ယခုကာလတွင် LGBT များအား သာမာန်အတိုင်းအတာ တခုအထိ လက်ခံလာသည်ကိုမြင်ရပြီး ယခင်ကထက်လည်း လက်ခံမှုမြင့်လာကြောင်း Myanmar Rainbow Political Community (MRPC) တာဝန်ခံ ကိုလ်ကိုလ်းက ပြောသည်။

လိင်စိတ်တိမ်းညွှတ်မှုများအပေါ် အခြေပြုသည့် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့ (IDAHOBIT) အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ (မေလ ၁၇ ရက်) တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ထိုအခမ်းအနားတွင် မဇ္ဈိမ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

LGBT များကို မနှစ်သက်သည့်လူများ၏ အမြင်များကို ဆန့်ကျင်သည့်အနေဖြင့် IDAHOBIT နေ့ အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ခြင်းဖြစ်ပြီး LGBT များသည် ၎င်းတို့ကို မနှစ်သက်သူများမြင်သလို မဟုတ်ကြောင်းကို ပြသရန်လည်းရည်ရွယ်သည်ဟု MRPC တာဝန်ခံ ကိုလ်ကိုလ်း က ဆိုသည်။

LGBT များ အနေဖြင့် ကိုယ် LGBT ဖြစ်ကြောင်း ပတ်ဝန်းကျင်ကို ချပြသည်ဖြစ်စေ မချပြသည်ဖြစ်စေ မိမိတို့၏ဖြစ်တည်မှုကို သိရှိရန်လိုပြီး ထိုဖြစ်တည်မှုကို ကိုယ်တိုင်လက်ခံရန်လိုသည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့မှာရှိတဲ့ အရည်အချင်းတွေက ဒီဖြစ်တည်မှုနဲ့ မဆိုင်ဘူး။ ငါတို့အရည်အချင်းက ငါတို့က နိုင်ငံရေးအရဦးဆောင်နိုင်တဲ့သူလည်း ဖြစ်လို့ရတယ်၊ ဖြစ်ထိုက်တယ်၊ ဖြစ်သင့်တဲ့သူတွေ ဖြစ်တယ်ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့လိုတယ်” ဟု ဆက်လက်ပြောဆိုသည်။

LGBT များအား လက်မခံသည့် အင်အားစုများမှာ ဘာသာရေးအသိုင်းအဝိုင်းက ပိုများကြောင်း၊ LGBT ဖြစ်သည်နှင့် HIV ဖြစ်မည်ဆိုသည့် အယူအဆအလွဲများကြောင့် လက်မခံမှုများလည်းရှိပြီး ထိုအရာများသည် ဖြစ်သင့်သည့်အယူအဆများမဟုတ်ဘဲ LGBT များအား ခွဲခြားဆက်ဆံမှုပြု လုပ်ထားခြင်းဖြစ်ကြောင်း ပြောသည်။

IDAHOBIT အထိမ်းအမှတ်အခမ်းအနားကို LGBT များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပြီး လူသားစာကြည့်တိုက်၊ စကားဝိုင်းဆွေးနွေးပွဲ၊ တေးသရုပ်ဖော်၊ မှတ်တမ်းရုပ်ရှင်ပြသခြင်း၊ ဖက်ရှင်ပြပွဲ၊ ပန်းချီပြပွဲကဏ္ဍများဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ်၊ မေလ ၁၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO – World Health Organization) က လိင်တူချစ်ခြင်း (Homosexuality)” ကို International Classification of Diseases – ICD) ထဲက တရားဝင် ပယ်ဖျက်ပေးခဲ့သည့်နေ့ရက်ကို အစွဲပြုပြီး ၂၀၀၄ ခုနှစ်မှစတင်ကာ IDAHOBIT နေ့ကို စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဇ္ဈိမ