ပဲခူးတိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၂) တောင်ငူခရိုင်အတွင်းရှိ နယ်မြေများတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရမှုကြောင့် သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ နှောင့်နှေးရကြောင်း ဒေသခံနှင့်နယ်မြေတာဝန်ရှိသူများက ပြောသည်။
လက်ရှိ၌ တိုက်ပွဲပဋိပက္ခအပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလျက်ရှိသည့် အဆိုပါဒေသတို့တွင် စက်တင်ဘာ ဒုတိယအပတ်မှစ၍ မိုးကြီးကာ မိုးရေချိန်များပြားမှုကြောင့် စစ်တောင်းမြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာများသာမက တောင်ပေါ်ဒေသများတွင်လည်း ရေကြီးရေလျှံမှု၊ မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံနေကြရသည်။
အဆိုပါဒေသတို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်ထိ စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင့် ယခုလို သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ၌ နှောင့်နှေးအခက်အခဲဖြစ်ရသည်ဟု KNU မုန်းမြို့နယ်တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“တချို့နေရာတွေဆို ဆည်လွှတ်တဲ့အပေါ် တော်တော်ဆိုးတယ်၊ အရင်တစ်ခါထက်တောင် ဆိုးတယ်။ ကျနော်တို့ ဆီမှာက ၂၀၂၂ နောက်ပိုင်းကတည်းက ဖုန်းလိုင်းတွေ ဖြတ်ခံရတာတွေ တော်တော်ဆိုးရွားလာတယ်။ အဲ့လိုဆို တော့ ဒီလိုအချိန်မျိုးမှာ ဆက်သွယ်ရေးမကောင်းလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးတာ အဓိကပေါ့။ မုန်းဒေသတစ်ခုလုံးပါပဲ အဆင်ပြေသလို ချိတ်ဆက်နေရတယ်” ဟု အဆိုပါ KNU တာဝန်ရှိသူက ပြောသည်။
ယင်းအပြင် မုန်းဒေသကဲ့သို့ KNU ထိန်းချုပ်မှုအားကောင်းသည့် နေရာများသို့ ကယ်ဆယ်ရေးဝင်ရောက်လိုသည့် မြို့ပြအခြေစိုက် အဖွဲ့များကိုလည်း စစ်ကောင်စီတပ်က ဝင်ခွင့်မပေးသဖြင့် KNU နှင့် ယင်းဒေသအခြေစိုက် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့အင်အားဖြင့်သာ ကူညီကယ်ဆယ်နေရသည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အပါအဝင် ကျောက်ကြီးမြို့နယ်ရှိ ကညင်ကျ၊ ကြက်တက်ညောင်ပင်၊ သာစည်၊ ပဲသောင်၊ သောင်လယ် အစရှိသည့် ကျေးရွာများနှင့် စစ်တောင်းမြစ်ကမ်းတလျှောက်ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေကြရသည်ဟု KNU ဒေသတွင်းသတင်းရင်းမြစ်များက ပြောဆိုသည်။
ထို့အတူ KNU တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင်အတွင်း ရေကြီးမှု ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို တောင်ပေါ်ဒေသ သံတောင်ကြီးမြို့နယ်တွင်လည်း မြေတိုက်စားမှုကြောင့် တောင်ပြို၊ မြေပြိုမှုကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။
သံတောင် ၁၃ မိုင်နေ ဒေသခံအမျိုးသမီးတစ်ဦးက “၁၃ မိုင်မှာဆို ဓါတ်တိုင်နားမှာနေတဲ့ အိမ်လောက်ပဲ ဆက်သွယ်လို့ရတယ်။ ဒါတောင် Mytel တစ်ခုတည်း၊ ကျန်တဲ့လိုင်းက အဆင်မပြေဘူး။ ရပ်ကွက် (၃) အောက်ပိုင်းကအိမ်တွေဆို ဆက်သွယ်လို့မရဘူး။ လိုင်းရတဲ့နေရာ ရောက်အောက်သွားပြီး ဆက်ရတယ်” ဟု ပြောသည်။
ထို့အပြင် သံတောင်၊ လိပ်သိုဒေသ နေရာအများအပြားတွင်လည်း ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုများ တစထက်တစ ပိုမိုဆိုးရွားနေသည်မှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းကဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
KIC ပေးပို့သည်။