ကရင်ပြည်နယ်၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ မဲဝိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခြေလျှင်တပ်ရင်း ခလရ (၉၆) သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ နေ့စဥ်တိုက်ခိုက်မှုများကြောင့် စခန်းစွန့်ခွာသွားကြခြင်းဖြစ်ကြောင်း တပ်မဟာ (၅) သတင်းအရင်းအမြစ်မှ သုံးသပ်ပြောဆိုသည်။
လူအင်အား (၁၀၀) ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်သည် ၎င်းတို့၏မဲဝိုင်တပ်စခန်းအား ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့ မနက်ပိုင်းကတည်းက စွန့်ခွာသွားကြခြင်းဖြစ်ပြီး လက်ရှိ ခလို့ခီးကျေးရွာရှိတောင်ကုန်းပေါ်တွင် ပြောင်းလဲတပ်စွဲထားကြကြောင်း၊ တပ်စခန်းစွန့်ခွာရသည်မှာ KNLA မှ ၎င်းတို့တပ်စခန်းအား နေ့စဥ်နှင့်အမျှပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း ဖြစ်နိုင်ကြောင်း ကေအဲန်ယူ တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။
၎င်းက “စခန်းစွန့်ခွာပြောင်းရွှေ့ရတဲ့ အကြောင်အရင်းတော့ အတိအကျမသိရဘူး။ ဒါပေမဲ့ မဲဝိုင်စခန်းရှိတဲ့ မဲဝိုင်ရွာနဲ့အနီးကရွာတွေက စစ်တပ်ရဲ့လက်နက်ကြီးကျည်နဲ့လေယာဉ်ဗုံးဒဏ်တွေကြောင့် အိမ်တွေအားလုံးပျက်စီးကုန်တော့ ရွာသားတွေအကုန်ထွက်ပြေးရတယ်။ KNLAကလည်း နေ့တိုင်း နေ့ရောပါပစ်ခတ်နေတာကတစ်ကြောင်း ပြီးတော့ တပ်စခန်းက ကွင်းပြင်ထဲမှာရှိနေတာကတစ်ကြောင်းကြောင့် စွန့်ခွာသွားတယ်လို့ ထင်တယ်။” ဟု သုံးသပ်ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားကြပြီးနောက် KNLA ဘက်က မဲဝိုင်တပ်စခန်းအား ဝင်ရောက်၍ အဆောက်အဦးများအား မီးရှို့ဖျက်ဆီးခဲ့သလို နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ယမန်နေ့ ဧပြီလ (၁၄) ရက်နေ့က ကေအဲန်ယူ မူတြော် သတင်းစဥ်က ထုတ်ပြန်ကြေငြာထားသည်။
KNLA ဘက်မှ မဲဝိုင်တပ်စခန်းအား အကြိမ်ကြိမ်သွားရောက်တိုက်ခိုက်သော်လည်း နယ်မြေအနေအထားအရ စခန်းသိမ်းယူနိုင်ရန်ခက်ခဲ၍၊ ယခုလိုစခန်းစွန့်ခွာသွားကြပြီးနောက် ၎င်းတို့ပြန်လည်နေထိုင်နိုင်ခြင်းမရှိအောင် တပ်စခန်းအား KNLA က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရိက္ခာမလုံလောက်မှုနှင့် မြေပြင်မှ စစ်တပ်စခန်းရိက္ခာဖြည့်တင်းရာတွင် KNLA ဘက်က မကြာခဏတိုက်ခိုက်မှုများကြောင့် ထိုသို့စခန်းစွန့်ခွာသွားကြခြင်း ဖြစ်နိုင်ကြောင်း မူတြော်သတင်းစဥ်က သုံးသပ်ဖော်ပြထားသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် မတ်လ (၁၁) ရက်နေ့က ရိက္ခာသွားထုတ်ပြီးပြန်လာသည့် မဲဝိုင်စခန်းရှိစစ်ကောင်စီတပ်များအား KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးပြီး (၂၇) ဦးဖမ်းဆီးရမိခဲ့သလို ဧပြီလ (၂၅) ရက်နေ့ကလည်း လေယာဥ်ဖြင့် တပ်စခန်းသို့ ရိက္ခာထုတ်လာချစဥ် KNLA ၏ သိမ်းယူခြင်းကို ခံခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီသည် ကေအန်ယူ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သော ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများနှင့်ဒေသခံများ လုပ်ကိုင်စားသောက်ရာနေရာများသို့ မကြာခဏ လက်နက်ကြီးဖြင့်ရော လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေပြီး ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလဆန်းအထိ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၄) ဦးသေဆုံးခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။
နန့်ဆန်းထီ(KIC) – ပေးပို့သည်။

