Myanmar Peace Monitor

KNU တပ်မဟာ (၇) အပေါ် စွပ်စွဲပြောဆိုမှု ဆင်ခြင်သင့်ကြောင်း KNLA ဌာနချုပ် အသိပေးပြောဆို

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဌာနချုပ်က ဆိုရှယ်မီဒီယာတွင် ပေါ်ထွက်လာခဲ့သည့် ကေအဲန်ယူ တပ်မဟာ (၇) အပေါ် စွပ်စွဲပြောဆိုမှုနှင့်ပတ်သက်၍ ဆင်ခြင်သင့်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယမန်နေ့ ဧပြီလ (၁၀) ရက်နေ့က အသိပေး ပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့က နွေဦးအသံ (The Voice of Spring) သတင်းဌာနမှ ရေးသားဖော်ပြခဲ့သော KNU တပ်မဟာ(၇)၏ တပ်မဟာမှူးနှင့်ဗျုဟာမှူးတို့မှ Lion Battalion စစ်ကြောင်းပါဝင်သော တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအား နယ်ခြားစောင့်တပ်(BGF)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားရေးလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့နှင့်ပူးပေါင်း၍ ထောင်ဖမ်းရန်စီစဥ်ခဲ့သည်ဟူသော သတင်းနှင့်ပတ်သက်၍ KNLA ဌာနချုပ်က ထိုသို့အသိပေးထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာတွင်ပေါ်ထွက်နေသော အဆိုပါသတင်းဌာန၏ ရေးသားမှုများသည် KNU တပ်မဟာ (၇) နယ်မြေအတွင်းဖြစ်ပွားခဲ့သော ရွှေကုက္ကိုလ်တိုက်ပွဲနှင့်ပတ်သက်ပြီး မြေပြင်ဖြစ်ရပ်များနှင့်စစ်ဆင်ရေးမဟာဗျုဟာများအား သေချာမစုံစမ်းဘဲ တပ်မဟာ(၇)အပေါ် တဖက်သတ်စွပ်စွဲချက်နှင့် ရမ်းသမ်းဝေဖန်မှုများသာဖြစ်ကြောင်း KNLA ဌာနချုပ်၏ အသိပေးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့အသိပေးထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ KNLA ဗဟိုစစ်ဌာနချုပ်၏ တပ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက “မှားယွင်းနေတဲ့စွပ်စွဲချက်တွေကို ထောက်ပြပြောဆိုချင်တာ အဓိကပါပဲ။ မှားတယ်ဆိုတာကလည်း ထုတ်ပြန်တဲ့သူရဲ့တဖက်သတ်စွပ်စွဲချက်အပေါ်မှာ ကျနော်တို့ဘက်က ဒါကတော့ မဟုတ်ဘူးဆိုတာကို အသိပေးချင်လို့ပါ။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် KNLA ၏ အဆိုပါအသိပေးထုတ်ပြန်ချက်တွင် ရွှေကုက္ကိုလ်တိုက်ပွဲနှင့်စပ်လျှဥ်း၍ စစ်ရေးမဟာဗျုဟာမှားယွင်းနေမှုအား အချက်နှစ်ချက်ဖြင့် ထောက်ပြပြောဆိုထားသည်။

ပထမအချက်တွင် ကရင်လက်နက်ကိုင်များပေါင်းစည်းနိုင်ရေးအတွက် KNU ကွန်ကရက်မှ ချမှတ်ထားသော မူဝါဒအောင်မြင်ရန် အကောင်မထည်မဖော်နိုင်မီကာလ၌ KNU လက်အောက်မှခွဲထွက်သွားသော ကရင်လက်နက်ကိုင်တပ်ဖွဲ့များကို ပြန်လည်စုစည်းခဲ့ရာ တပ်မဟာ(၇)နယ်မြေအတွင်းမှ BGF များက တက်ကြွစွာပါဝင်ပြီး ပံ့ပိုးကူညီမှုများရှိခဲ့သလို ထိုမူဝါဒအရ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအခြင်းခြင်းကြား ပဋိပက္ခများ ကြီးထွားမလာစေရန် ပါးနပ်စွာကိုင်တွယ်နေရသော အချိန်ဖြစ်ကြောင်း ထောက်ပြပါရှိသည်။

ထို့အပြင် စစ်ဆင်ရေးဖော်ဆောင်ရာတွင် တပ်မဟာမှူးမသိရှိဘဲ လုပ်ပိုင်ခွင့်ကျူးလွန်ခြင်းသည် စစ်ရေးအမှားတစ်ခုဖြစ်သလို တစ်ဖက်ရန်သူကိုလျော့တွက်ကာ ကြိုတင်ပြင်ဆင်မှုမပြုဘဲ စစ်ဦးကျွံ၍ ပိတ်မိခံရကာမှ တပ်မဟာ (၇) အား အပြစ်တင်ခြင်းမပြုသင့်ကြောင်း အဆိုပါအသိပေးချက်တွင် ထပ်မံထောက်ပြပြောဆိုထားသည်။

၎င်းအပြင် စစ်ကောင်စီ၏ဝါဒဖြန့် တယ်လီဂရမ်များတွင် နွေဦးအသံသတင်းဌာနမှရေးသားထားသော အဆိုပါသတင်းအား ထပ်ဆင့်ကူးယူကာ ဖြန့်ဝေနေမှုများရှိနေသည်။

အလားတူ အဆိုပါသတင်းထွက်လာပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ (၇) အပေါ် ဝေဖန်ပြောဆိုမှုများ ရှိလာသလို ကရင်ပြည်သူလူထုများသည် ကရင်လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြား၊ တော်လှန်ရေးအင်အားစုများအကြား သွေးကွဲကာ ပဋိပက္ခများပိုမိုကြီးထွားလာမည့်အရေး စိုးရိမ်မှုများ ရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်