KNU တပ်မဟာ (၇) ဌာနချုပ်နေရာသို့ ဒရုန်း ၃ လုံး ထပ်မံကျရောက်ပေါက်ကွဲ

By MPM 18 မတ်, 2025 👁 7

ကရင်အမျိုးသားအစည်းအရုံး – KNU၊ ဖားအံခရိုင်၊ တပ်မဟာ (၇) ဌာနချုပ်နေရာသို့ မတ် ၁၈ ရက်နေ့ နံနက်စောပိုင်းက ဒရုန်း (၃) လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့သော်လည်း လူပုဂ္ဂိုလ်နှင့်အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက အတည်ပြုပြောဆိုသည်။

မတ် ၁၈ ရက်နေ့ နံနက်စောပိုင်း ထိုင်းစံတော်ချိန် ၃ နာရီ ၄၅ မိနစ်တွင် တကြိမ်၊ ၄ နာရီ ၁ မိနစ်တကြိမ်၊ ၄ နာရီ ၁၄ မိနစ် တကြိမ် စုစုပေါင်း ဒရုန်း (၃) ကြိမ်တိုင် တပ်မဟာ (၇) ဌာနချုပ်အခြေစိုက်သည့် ဌာနဆိုင်ရာရုံးနေရာသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ပဒိုစောအောင်မော်အေးက ဆိုသည်။

“အိမ်ခေါင်မိုးသွပ်ပြား နည်းနည်းပါးပါးလောက်ပဲ ထိတယ်။ ကျန်တဲ့လူ အထိအခိုက်မရှိဘူးနော်။ ဒရုန်း ၃ ခုလုံး လာတဲ့လမ်းကြောင်းကတော့ အတူတူပဲ။ စစ်ရေးစစ်ရာကာလဆိုတော့ ကျနော်တို့က ရန်သူကိုတိုက်ခိုက်သလို ရန်သူဘက်ကလည်း ကျနော်တို့ကိုလုပ်ကြံတာမျိုးရှိမှာပဲ ဒီသဘောပေါ့။ ကျနော်တို့တပ်ဖွဲ့တွေကတော့ လုပ်စရာရှိတာဆက်လုပ်မှာပဲ” ဟု ပဒိုစောအောင်မော်အေးက ပြောသည်။

ဒရုန်း ၃ လုံးလာရာ လမ်းကြောင်းအရ ဖားအံခရိုင်နယ်မြေ၊ လှိုင်းဘွဲမြို့နယ်ရှိ ရှမ်းရွာသစ်မြို့ဘက်မှ လွှတ်တင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ခရိုင်ဥက္ကဌက ဆက်ပြောသည်။

ဒရုန်း ၃ လုံး ဆက်တိုက်ကျရောက်ပေါက်ကွဲရာ၌ ပေါက်ကွဲမှုအားပြင်းထန်တာကြောင့် ယင်းပတ်ဝန်းကျင်ရှိ ဒေသခံများစိုးရိမ်ထိတ်လန့်ကာ နေအိမ်မှတိမ်းရှောင်နေထိုင်ခဲ့ရကြောင်းလည်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ဒေသခံတစ်ဦးက “ကျမတို့က ဆိုင်ဖွင့်ဖို့ရှိတော့ အစောကြီးနိုးနေကြပဲ။ ဝှီး၊ ဝှီးနဲ့ ဒရုန်းသံကြားပြီး ချတော့မယ်ဟဆို သိပ်မကြာဘူး အုန်းခနဲကြားလိုက်ရတယ်။ ဘယ်သူမှ မထိခိုက်ဘူးလို့တော့ သိရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ဗဟိုဌာနချုပ်နေရာအနီးသို့ အသေခံဒရုန်း (ကာမီကာဇေ) ၂ လုံးနှင့် အခြားနေရာ၌ ဒရုန်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကရင်အမျိုးသားတော်လှန်ရေးနေ့၊ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း တပ်မဟာဌာနချုပ်နေရာ၌ ကာမီကာဇေ နောက်ထပ် ၂ လုံးနှင့် ထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။

၂၀၂၄ ခုနှစ်အတွင်းမှစ၍ တပ်မဟာ (၇) နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုများဖြစ်လာသလို ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ဖားအံခရိုင် ၊ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအထူးသတိထားရသည့် အနေအထားဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့က ပြောဆိုသည်။

KIC ပေးပို့သည်။