KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ရှောင်ဦးရေနေ့စဉ်မြင့်တက်နေသဖြင့် အကူအညီများထပ်မံလိုအပ်နေ

By MPM 20 ဒီဇင်ဘာ, 2023 👁

ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၆) ထိန်းချုပ်သည့် ဒူးပလာယာခရိုင်အတွင်း တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ နေ့စဉ်မြင့်တက်လျက်ရှိရာ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ထပ်မံလိုအပ်နေကြောင်း ခရိုင်သတင်းနှင့် ပြန်ကြားရေး၏ ဒီဇင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှ စ၍ လက်ရှိအချိန်ထိ ဒူးပလာယာခရိုင် ကရင်ပြည်၊ ကော့ကရိတ် မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်‌မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရသော စစ်ရှောင်ပြည်သူ ၉ သောင်းထက်မနည်းကို ကေအဲန်ယူနှင့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများက လိုအပ်သည်များကို ကူညီပေးနေသော်လည်း စစ်ရှောင်အရေအတွက် နေ့စဉ် ဆက်လက်တိုးမြင့်နေသဖြင့် ‌‌လိုအပ်ချက်ရှိနေသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီ-CIDKP ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့်စောခဲလေက “ဒူးပလာယာခရိုင်ထဲမှာ ကျနော်တို့အပြင် အခြားလူပုဂ္ဂိုလ်အချင်းချင်း ကူညီပေးနေတာ ရှိပေမယ့် အကူအညီ လုံးဝ မရသေးတဲ့ စစ်ရှောင်တွေလည်း ရှိသေးတယ်။ အဓိက လိုအပ်တာတော့ အခြေခံစားသောက်ကုန် ဆန်ပေါ့။ ကျနော်တို့ဆို စစ်ရှောင်တွေကို အရင်ကပစ္စည်းလှူတာ ဒါပေမဲ့ သယ်ဖို့ အခက်အခဲရှိတော့ အခု ထိုင်းဘတ်နဲ့ တွက်ရင် တစ်ယောက်ကို ဘတ် ၄၈၀ လောက်တော့ရမယ်။ အဲ့လိုပဲ လှူလိုက်တယ် သူတို့လက်ထဲရောက်မှ သူတို့လိုတာ ပြန်ဝယ်‌ပေါ့။ ဒါကလည်း တစ်လချင်းပဲ လှူနိုင်တာပါ” ဟု ဆိုသည်။

ကေအဲန်ယူ-တပ်မဟာ (၆) ၏ ထုတ်ပြန်ချက်အရ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင် စစ်ဘေးရှောင် ၃ သောင်းကျော်၊ ကျုံဒိုးမြို့နယ်တွင် ၂ သောင်းကျော်၊ ဝင်းရေးမြို့နယ်တွင် ၂ သောင်းကျော်နှင့် နို့တကောမြို့နယ်တွင် ၂ သောင်းကျော် ရှိနေပြီး ဘေးကင်းလုံခြုံသည့် နေရာများတွင် စစ်ဘေးရှောင်များကို နေရာချထားပေးကြောင်း ဆိုထားသည်။

ထို့အတူ ပြီးခဲ့သည့်လပိုင်းများက ‌ဒူးပလာယာခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူ ၉ သောင်းဝန်းကျင် ရှိသော်လည်း မြို့နယ် ၄ မြို့နယ်လုံး၌ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ယခု ဒီဇင်ဘာလအထိ ခရိုင်တစ်ခုလုံးတွင် စစ်ဘေးရှောင် တစ်သိန်းလေးသောင်းအထိ ရှိလာသည်ဟုလည်း CIDKP ၏ ပြောပြချက်အရ သိရသည်။

အလားတူ လချီကြာမြင့်လာသည့် ကော့ကရိတ်တိုက်ပွဲကြောင့် လူမှုစီးပွားရေး ထိခိုက်ပျက်စီးသွားသည့် ရွှေ့ပြောင်း စစ်ရှောင်နေရသူများ ရှိနေသလို လက်နက်ကြီး ပစ်ခတ်မှုများအကြား ထိခိုက်သေဆုံးရသည့် ‌စစ်ဘေးရှောင်များလည်း ရှိနေသည်။

KNU ထိန်းချုပ်နယ်မြေ ခရိုင် (၇) ခုလုံးတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ယခုနှစ်ဝက်တာကာလ အထိ စစ်ဘေးရှောင် ၆ သိန်း ၃ သောင်းကျော် ရှိနေသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN က စာရင်းကောက်ခံ ဖော်ပြထားသည်။

သို့သော် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး-UNOCHA ၏ ယခုနှစ် ဇူလိုင်လ အစီရင်ခံစာတွင် မြန်မာအရှေ့တောင်ပိုင်းရှိ စစ်ရှောင်အရေအတွက်ကို ၃ သိန်းကျော်သာ ဖော်ပြထားသည်ဟု KPSN က စက်တင်ဘာလအတွင်း ထုတ်ပြန်ထားသည့် အစီရင်ခံတွင် ထည့်သွင်းပြောဆိုထားသည်ကို တွေ့ရသည်။

ပြည်တွင်းပြည်ပရှိ လူသားချင်းစာနာမှုဆိုင်ရာ အရပ်ဖက်အဖွဲ့များ‌အနေဖြင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအား စစ်ကောင်စီမှတဆင့် သွားနေသည့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီများကို နယ်စပ်မှတဆင့် ဖြတ်ကျော်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသော်လည်း နိုင်ငံတကာ၏ ဆောင်ရွက်မှုသည် ယနေ့အချိန်ထိ အားနည်းနေဆဲဖြစ်ကြောင်း တွေ့ရသည်။

KIC ပေးပို့သည်။