စစ်မှုထမ်းဥဒေကြောင့် တပ်သားအဖြစ် စုဆောင်းခံရသည့် စစ်ကောင်စီတပ်သားသစ် ၄ ဦးသည် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံ ဘက်ပြောင်းခိုလှုံလာကြောင်း KNDF က ပြောဆိုသည်။
MA-1 သေနတ် ၃ လက်နှင့်အတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့က လာရောက်ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး၊ ဘက်ပြောင်းခိုလှုံလာသော တပ်သား ၄ ဦးကို KNDF CDM ဌာနတွင် ခေါ်ယူထိန်းသိမ်းထားသည်ဟု ဆိုသည်။
၎င်းတို့နှင့် ပတ်သတ်ပြီး အခြေအနေအသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမည်ဟုလည်း KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးက “လောလောဆယ် အသေးစိတ် မပြောနိုင်သေးဘူး။ ဒါနဲ့ပတ်သတ်ပြီး မကြာခင် အသေးစိတ်ထုတ်ပြန်မယ်” ဟု ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်အသက်၀င်လာသည့် စစ်မှုထမ်းဥပဒေအရ လက်ရှိချိန်တွင် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ် ၇ ကို ခေါ်ယူနေပြီဖြစ်သည်။
စစ်ကောင်စီ ထိန်းချုပ်သည့် တိုင်း၊ ပြည်နယ်၊ မြို့နယ်များတွင် စစ်မှုထမ်းရန်အတွက် လူငယ်များ အတင်းအကြပ် ဖမ်းဆီးမှုများမှာ လတ်တလော၌ ဆက်တိုက်ဖြစ်ပေါ်နေသည်။
အလားတူ စစ်ကောင်စီတပ်ရှိသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့အတွင်းလည်း စစ်မှုထမ်းဆောင်ရန်နှင့် ပြည်သူ့လုံခြုံရေး အတွက် သင်တန်းပေးနေပြီ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
KNDF တပ်ရင်းတချို့ကလည်း စစ်ကောင်စီလက်အောက်၌ မနေလိုသူများကို KNDF တပ်ရင်းတွင် တပ်သားအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာကတဆင့် ဖိတ်ခေါ်နေသည်။
စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မတပ်သားသစ်အဖြစ် စုဆောင်းခံရသော စစ်ကောင်စီတပ်သားသစ်များကို ကရင်နီပြည်က ရှေ့တန်းတိုက်ပွဲများသို့ တွန်းပို့ခံနေရသည်ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့သည်။
ကန္တာရ၀တီတိုင်း (မ်) – ပေးပို့သည်။