ကချင်ပြည်၊ ဗန်းမော်မြို့၌ စစ်ရေးပြင်းထန်လာချိန်အတွင်း စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ဌာနချုပ်ဟောင်း လိုင်ဆင် (Laisin) နေရာတို့ကို ဇန်နဝါရီ ၂၄ ရက်နေ့က Suicide Drone အမျိုးအစားနှင့် တိုက်ခိုက်ခဲ့သည်ဟု လိုင်ဇာမြို့ရှိ KIA အရာရှိများ ပြောဆိုမှုအရသိရသည်။
KIA အရာရှိတစ်ဦးက “Suicide Drone ဟုတ်တယ်။ အဲဒီ ဒရုန်းက GPS တပ်ထားပြီး တစ်ခါထဲလွှတ်ပစ်လိုက်တဲ့ လက်နက်ကြီး ဖြစ်တယ်။ ဘယ်ဘက်ကနေ ပစ်လိုက်တယ်ဆိုတာက တိတိကျကျပြောပြဖို့တော့ ခက်ပါတယ်” ဟု ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီ၏ သံချပ်ကာတပ်နှင့် အမြောက်တပ်နှစ်ခု သိမ်းပိုက်နိုင်ခဲ့ရာ၊ အဆိုပါတပ်စခန်း ၂ ခုကို လက်လွှတ်ခဲ့ရသည့် စစ်ကောင်စီတပ်က Suicide Drone အသုံးပြု တိုက်ခိုက်လာခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၄ ရက်နေ့ ည ၁ နာရီဝန်းကျင်တွင် လိုင်ဇာမြို့နှင့် လိုင်ဆင် (Laisin) နှစ်နေရာ၌ စစ်ကောင်စီ၏ အသေခံဒရုန်း တိုက်ခိုက်ခံရမှုကြောင့် လိုင်ဇာ Alen Bum နှင့် ခကျန်ရပ်ကွက်တို့တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ယင်းနောက် ဇန်နဝါရီ ၂၅ ရက်နေ့တွင် Laisin ဘက်ကို ထပ်မံပစ်ခတ်ခံရပြီး ဇန်နဝါရီ ၂၆ ရက်နေ့တွင်လည်း Laisin တွင် လေယာဉ်နှင့် ဗုံးနှစ်လုံး ထပ်မံဗုံးကြဲခဲ့တယ်လို့ ဒေသခံများက ပြောသည်။
“၂၄ ရက်နေ့မှာက လိုင်ဇာဘက်ကို အရင်ပစ်တယ်။ ၂၅ ရက်နေ့မှာတော့ ဂျန်မိုင်ဘွမ့်ဘက်ကို ပြန်ပစ်တယ်။ ၂၆ ရက်နေ့မှာက လိုင်ဆင်ဘက်ကို ပြန်ပစ်တယ်။ ဒီရက်ပိုင်း ဆက်တိုက်ပစ်နေတယ်လို့ပဲ သိရပါတယ်။ ဘယ်ဘက် ကနေ ပစ်တယ်ဆိုတာက အသေးစိတ်မသိရဘူး” လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ရဲ့ Suicide Drone အသုံးပြု တိုက်ခိုက်မှုတွေကို ယခုနောက်ပိုင်းမှသာ မြင်တွေ့လာရခြင်း ဖြစ်သည်ဟု လိုင်ဇာဒေသခံများက ပြောသည်။
ဇန်နဝါရီ ၂၄ ရက်နေ့ညပိုင်း လိုင်ဇာမြို့ပစ်ခတ်ခံရမှုတွင် ခကျန်ရပ်ကွက်တွင်ရှိသည့် Myitkyina Hotel ကို ဒရုန်း လက်နက်ကြီးကျမှန်ပြီး ဟိုတယ်ပေါ်က ရေပူရေအေးပေးသည့် ဆိုလာစက်တစ်စစီ ထိခိုက်ပျက်စီးသွားပြီး အရပ်သား ထိခိုက်သေဆုံးမှုက မရှိကြောင်း လိုင်ဇာဒေသခံများက ပြောသည်။
ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက “ကျနော်တို့ကိုယ်တိုင်လည်း ဒေသခံတွေရဲ့သတင်းပေးချက်အရ သိရသလောက်က အသေခံဒရုန်း (Suicide Drone) အသုံးပြုလာတယ်လို့ ပြောပါတယ်။ အဲဆိုတော့ ဝိုင်းမော်က မဟုတ်ရင်တောင် မြစ်ကြီးနား စစ်လေယာဉ်ကွင်းကနေ ပစ်ခတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလောက် မိုင်ပေါင်း အများကြီး ရောက်နိုင်တယ်ဆိုတော့ တော်တော်စိုးရိမ်ရမှာပါ” ဟု ပြောသည်။
ဇန်နဝါရီ ၄ ရက်နေ့နောက်ပိုင်း မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်စခန်းတချို့ကို KIA က သိမ်းပိုက်ရရှိခဲ့ပြီး သိမ်းပိုက်ရန်ကျန်ရှိနေသည့် စကခ ၂၁ နှင့် ခလရ ၄၇ တပ်ရင်းနေရာတွင်လည်း တိုက်ပွဲ ဆက်ဖြစ်နေသေးကြောင်း သိရသည်။
KNG ပေးပို့သည်။