ကချင်ပြည်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တိုက်ပွဲပြင်းထန်နေချိန် တပြိုင်နက် စစ်ကောင်စီတပ်က KIO ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့နှင့် မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေထံမှ သိရသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်လောက်ကစပြီး လိုင်ဇာမြို့အနီးရှိ ခယာဘွမ်ဘက်ကနေ မုန်လိုက်ခက်ဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောဆိုသည်။
“ဟုတ်တယ် မုန်လိုင်ခက်ဘက်မှာကျတာ ကျနော်သိရလောက် မနက်ကနေပစ်နေတာ ခုဆိုရင် ၃ လုံး လောက် ရှိပြီ” လို့ အဆိုပါဒေသခံက ပြောသည်။
ဒါ့အပြင် မိုင်ဂျာယန်မြို့ဘက်တွင်လည်း ယင်းနေ့ နေ့လည် ၁၂ နာရီလောက်ကနေ စတင်ပစ်ခတ်နေပြီး မိုင်ဂျာယန် ရပ်ကွက် ၅ နဲ့ မိုင်ဂျာယန်ကောလိပ်ရှိတဲ့ဘက်ကို ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ ဒေသခံတွေထံမှ သိရသည်။
ဒေသခံတွေပြောဆိုမှုအရ စစ်ကောင်စီတပ်က လွယ်ဂျယ်မြို့အထက်မှာရှိသည့် ယော်ယုံဘွမ် (Yaw Yung Bum) အထိုင်ချစခန်းကနေ မြို့ထဲကို ပစ်ခတ်နေတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည့်အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် ၂ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရထားကြောင်း ပြောပါသည်။
“ဘယ်ကပစ်သလဲ တိတိကျကျ မသိရသေးဘူး။ ခန့်မှန်းတာတော့ ယော်ယုံဘွမ် (Yaw Yung Bum) ကုန်းဘက်ကပဲ၊ ခုလည်း တစ်လုံးထပ်ကျလာပြီ ထိခိုက်တာတော့ ကလေး ၂ ယောက် ထိထားတာ၊ စိုးရိမ်စရာတော့ မလိုဘူးလို့ သိရတယ်” လို့ အထက်ပါလိုင်ဇာဒေသခံက ပြောဆိုသည်။
လက်ရှိတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ရပ်ကွက် ၅ တွင်နေထိုင်ကြသည့် မိုင်ဂျာယန် ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ၎င်းက ဆက်ပြောသည်။
ဒီဇင်ဘာ ၁၃ ရက်နေ့က ကချင်– စစ်ကိုင်း အစပ်မှာရှိသည့် မော်လူးမြို့ကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းမှာတော့ မြစ်ကြီးနား– ဗန်းမော် လမ်းမပေါ်ရှိ ရွှေညောင်ပင်ရွာနားက ခလရ ၃၂၁ တပ်စခန်းနှင့် တာလောကြီးရွာဘက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်တာရှိကြောင်းလည်း သိရသည်။
KNG ပေးပို့သည်။