ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားသည့် ကချင်ပြည်နှင့် တရုတ်နယ်စပ်က ကန်ပိုင်တည်မြို့ကို ယခင်အုပ်ချုပ်ခဲ့သည့်စနစ်ထက် ပိုကောင်းမွန်ပြီး ပြည်သူများလိုအပ်ချက်ကို ဖြည့်ဆည်းကာ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်တော့မည်ဖြစ်ကြောင်းကို KIO တာဝန်ရှိသူတို့က ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။
မြို့အင်္ဂါရပ်နှင့်ပြည့်စုံသည့် အုပ်ချုပ်ရေးစနစ်များဖြင့် ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် KIO အစိုးရ အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်တော့မည်ဆိုသည်ကို KIO တာဝန်ရှိသူတို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုခဲ့သည်ဟု ကန်ပိုင်တည်ဒေသခံတစ်ဦးက ပြောဆိုသည်။
အဆိုပါကန်ပိုင်တည်ဒေသခံက “ကချင်အထူးဒေသ (၁) နေရာအားလုံးကို သူတို့အုပ်ချုပ်သွားဖို့၊ သူတို့ရဲ့ သမိုင်းတွေကို အနည်းအကျဉ်းပြောပြတယ်။ မြို့နေရာတွေကို KIA က လုယူတာမဟုတ်ဘူး။ အရင်က KIO ရဲ့ အုပ်ချုပ်ရေးနယ်မြေတွေ ဖြစ်တယ်ဆိုပြီး ပြောသွားတယ်” ဟု ပြောသည်။
KIO အရာရှိများနှင့် ကန်ပိုင်တည်ဒေသခံပြည်သူတို့ တွေ့ဆုံမှုသည် ကချင်အထူးဒေသ (၁) နေရာအားလုံးကို KIO အစိုးရ ထိန်းချုပ်မှုအောက်တွင် အုပ်ချုပ်ရေးယန္တရား လည်ပတ်တော့မည်ဖြစ်သည့်အတွက် ပြည်သူလူထုက အားလုံးလက်တွဲ ပါဝင်ပေးကြရန် အဓိကပြောဆိုသွားသည်ဟု ဆိုသည်။
ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံပြည်သူများအားလုံးလည်း မြို့ထဲကို ပြန်ဝင်လာကြရန် KIO ပြောဆိုထားသည်ဟု ကန်ပိုင်တည်ဒေသခံတို့က ပြောသည်။
နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး နယ်စပ်ဒေသတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအများစု မြို့ထဲကို ပြန်ဝင်လာကြပြီဟု သိရှိရပြီး တချို့မှာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA က သိမ်းပိုက်လိုက်ချိန်ကတည်းက မြို့ထဲသို့ ပြန်လာနေထိုင်ကြကြောင်း သိရသည်။
နှစ်ပေါင်း ၅၀ ဝန်းကျင်ကြာ KIO/KIA အုပ်ချုပ်ရေး လက်အောက်တွင် မရှိဖူးသေးသည့် ကန်ပိုင်တည်မြို့ဟာ ယခင်ကလို အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်လာရန်အတွက် အချိန်ကာလတစ်ခုထိ စောင့်ကြည့်ရအုံးမည်ဖြစ်သည်ဟု ကန်ပိုင်တည်ဒေသခံတစ်ဦးက အခုလိုပြောသည်။
“သူတို့ပြောသွားတဲ့ ပုံစံကတော့ အရင်ကထက် ပိုကောင်းလာဖို့တော့ရှိတယ်။ ဘာလို့လဲဆိုတော့ အရင်က မရှိခဲ့ဖူးတဲ့ အုပ်ချုပ်ရေးစနစ်တွေလည်းပါတယ်။ ဒါပေမယ့် ပုံမှန်အတိုင်းဖြစ်ဖို့က နည်းနည်းလေး စိမ်းနေသေးတယ်လို့ ပြောလို့ရတယ်။ အဲဒါက တစ်ချက်ပေါ့လေ။ ကျနော်တို့ဒေသကြတော့ ဒီအစိုးရနဲ့ တခါမှ မနေဖူးသေးဘူးလေနော်။ အခုက ချက်ချင်းကြီး အစိုးရအပြောင်းအလဲကြီး ဖြစ်လာတယ်ဆိုတော့ ပြည်သူတွေအတွက်တော့ စောင့်ကြည့်ရအုံးမယ်လို့တော့ထင်တယ်” ဟု ပြောသည်။
KIO အနေနှင့် ကန်ပိုင်တည်ဒေသခံပြည်သူများနှင့် တွေ့ဆုံမှုတွင် အဓိကအားဖြင့် ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (Pat Jasan) လုပ်ငန်းကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်ဟု သိရသည်။
KIO ဘက်က ဒေသခံပြည်သူများကို မြို့ထဲပြန်ဝင်ခွင့်ပေးပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြသေးသည်ဟု ဒေသခံပြည်သူတချို့က ပြောသည်။
ယင်းအပြင် KIO နှင့် ဒေသခံပြည်သူများတွေ့ဆုံမှုတွင် KIO နှင့် ပြည်သူ အမေး၊ အဖြေ ပြောဆိုဆွေးနွေးခြင်းမျိုးမဟုတ်ဘဲ KIO အစိုးရဘက်ကနေ အုပ်ချုပ်ရေးယန္တရား လည်ပတ်သွားရေးကိုသာ တဖက်တည်း ပြောဆိုသွားသည်ဆိုပြီး သုံးသပ်ပြောဆိုမှုလည်း ရှိနေသည်။
KNG ပေးပို့သည်။