KIA ထိန်းချုပ်ရာ ကချင်-တရုတ်နယ်စပ်ဂိတ် ၈ ခု ပြန်ဖွင့်

By MPM 28 အောက်တိုဘာ, 2025 👁

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာဒေသရှိ တရုတ်နယ်စပ်ဂိတ် ရှစ်ခုကို တရုတ်ဘက်မှ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသို့ အတည်ပြုသည်။

ကချင်-တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်းကြီး၊ ကံပိုင်တီ၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ လွယ်ဂျယ်၊ ပန်ဝါ၊ မံစီ၊ ဖီမော် စသည့် ဂိတ်များကို အောက်တိုဘာ ၂၆ ရက်နေ့မှစတင်ကာ တရုတ်ဘက်မှ ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

“အားလုံးဖွင့်ပါပြီ။ နေ့နေ့ညညတော့ ဖွင့်မပေးဘူးပေါ့နော်။ ပြည်သူလူထုရဲ့ စားသုံးကုန်ပစ္စည်းတွေကို အဓိကထားပြီးတော့မှ ဖွင့်ပေးတာဖြစ်ပါတယ်။ အိမ်ဆောက်ပစ္စည်းတွေပေါ့နော် ဥပမာ ဘိလပ်မြေတို့ သံတို့လည်း ဖွင့်ပေးပါတယ်။ ကျန်တဲ့ စက်သုံးဆီတို့ တခြားသော electric (လျှပ်စစ်) ပစ္စည်းတွေကိုတော့ ခုထက်ထိ မပေးသေးဘူး” ဟု ဗိုလ်မှုးကြီးနော်ဘူက ပြောသည်။

နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ တနှစ်ကျော်ကြာ ပိတ်ထားခြင်းဖြစ်ပြီး ယခုမှ ပြန်လည်ဖွင့် ပေးလိုက်ခြင်း ဖြစ်သည်။ ဂိတ်များကို ပိတ်ထားသည်ဆိုသော်လည်း မြေရှားနှင့် တရုတ်ဘက်မှ လိုအပ်သည့် ကုန်ပစ္စည်းများကိုမူ ဖွင့်ထားပေးခဲ့ပြီး လက်ရှိ နယ်စပ်ဂိတ်ဖွင့်ပေးခြင်းမှာလည်း မြေရှားကိစ္စနှင့် ပတ်သက်နေနိုင်သည်ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။

“သူ့တို့လိုချင်တဲ့ သစ်ရှူးငှက်ပျောနဲ့ မြေရှားလိုမျိုးကျ ဖွင့်ပေးထားတာမျိုးရှိပါတယ်၊ တဖက်သတ်ပိတ်ထားတဲ့ သဘောပါပဲ။ လွန်ခဲ့တဲ့ လေးလလောက်က ဗိုလ်ချုပ်ဂွမ်မော်က အိန္ဒိယပြည်သွားထားတယ်လို့ သိရတယ် လျှို့ဝှက်။ တရုတ်က အဲ့ဒီသတင်း ရသွားပုံရတယ်။ ချော့တဲ့သဘောလား တခြားအကြောင်းက မြေရှားပဲဖြစ်နိုင်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူကမူ နယ်စပ်ဂိတ်ဖွင့်သည့် ကိစ္စနှင့်ပတ်သက်၍ တရုတ်နှင့် မည်သည့်သဘောတူညီချက်မှ မလုပ်ခဲ့ကြောင်း ပြောသည်။

လက်ရှိ ပြန်ဖွင့်ပေးသည့် နယ်စပ်ဂိတ်များအနက် ပန်ဝါ၊ ဖီမော်နှင့် မိုင်ဂျာယန် ဂိတ်များသည် မြေရှားသတ္တုများတင်ပို့ရန် အသုံးပြုသည့် ဂိတ်များဖြစ်ကြောင်း သိရသည်။

ယခုလို နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးလိုက်သဖြင့် ကုန်ဈေးနှုန်းနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် အသက်ရှုချောင်မည်ဖြစ်ကြောင်းဆိုသည်။

လက်ရှိ နယ်စပ်ဂိတ်များတွင် လူအဝင်/အထွက်ကိုလည်း ခွင့်ပြုထားကြောင်း သိရသည်။

“ဒီဘက်ကနေလည်း တရုတ်ကို ဝင်လို့ရတယ်၊ တရုတ်ဘက်ကလည်း တရုတ်လူမျိုးတွေ ဝင်နေကြပါတယ်၊ ဥပမာ လိုင်ဇာဆိုရင် လိုင်ဇာ အိမ်ထောင်စုရှိသူတိုင်း ဝင်ထွက်လို့ရနေပါပြီ၊ ကျန်ဒေသ မှတ်ပုံတင် အိမ်ထောင်စုရှိသူတွေဆိုရင် နယ်မြေထောက်ခံချက်ယူရမယ်လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

KIA နှင့် ၎င်း၏ မဟာမိတ်များသည် အဆိုပါ မြန်မာ-တရုတ်နယ်စပ်ဂိတ်များရှိရာ လွယ်ဂျယ်၊ မံစီ၊ ပန်ဝါ၊ ဖီမော်၊ ကန်ပိုင်တီ မြို့များကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ အောက်တိုဘာ၊ နိုဝင်ဘာ တို့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်ဂျာယန်နှင့် လိုင်ဇာကို ယခင်တည်းက ထိန်းချုပ်ထားသည်။

တရုတ်အစိုးရက KIA ကို ဖိအားပေးရန်အတွက် ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် နယ်စပ်ဂိတ်များကို ပိတ်ခဲ့၍ ဒေသတွင်း၌ ကုန်စည်ပြတ်လပ်ခြင်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတို့ကို ဒေသခံများ ရင်ဆိုင်ခဲ့ရသည်။

လက်ရှိတွင် KIA က ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ၊ ဆဒုံး၊ ဆင်ဘို၊ ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်၊ မိုးမောက်၊ မံစီ၊ ကန်ပိုင်တီ၊ ဖီဖော်၊ မြို့လှ၊ မဘိမ်း စသည့်မြို့များကို သိမ်းပိုက်ထားပြီး မိုးညှင်း၊ ဗန်းမော်၊ ခေါင်လန်ဖူးမြို့နယ်များတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မဇ္ဈိမ