ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကန်ပိုင်တည်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် မြို့တွင်းမြို့ပြင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့်အပြင် အစိုးရရုံတချို့ကိုလည်း ချိတ်ပိတ်လိုက်ပြီးနောက် နယ်စပ်ဂိတ်အဝင်တို့တွင် ကချင်အမျိုးသားအလံစိုက်ထူသည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်ဟု သိရသည်။
တဖက်တွင်လည်း မြန်မာ- တရုတ်နယ်စပ် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ကို KIA က မြို့တွင်းမြို့ပြင် နေရာအားလုံးကို လိုက်လံရှာဖွေ ရှင်းလင်းနေဆဲဖြစ်သည်ဟု ကံပိုင်တည်မြို့ခံများက ပြောဆိုသည်။
မြို့ခံတစ်ဦးက “ဒီကနေ့ လိုက်ဖမ်းတာ ၁၀ ယောက်လောက် ဖမ်းဆီးရမိတယ်လို့ ကြားတယ်။ အသေးစိတ်တော့ ပြောဖို့ခက်သေးတယ်။ စစ်သားတွေက တရုတ်ပြည်နယ်စပ်ဘက်ခြမ်းမှာ ထွက်ပြေးနေကြတယ်။ တရုတ်ပြည် ဘက်လည်း လမ်းတွေပိတ်လိုက်ပြီဆိုတော့ နယ်စပ်တလျှောက်မှာ ရှိနေကြတယ်ထင်တာပဲ။ KIA က ရှင်းလင်းရေး လုပ်နေသေးတော့ သေနတ်ဖောက်သံတွေ ကြားနေရသေးတယ်” ဟု ပြောသည်။
ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်သည့် နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာပင် တရုတ်အစိုးရက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ပြန်လည်ဖွင့်လှစ်ပေးထားသော နယ်စပ်ဂိတ်ကို တရုတ်ဘက်ခြမ်းက ထပ်မံပိတ် လိုက်သည်ဟု ကန်ပိုင်တည်မြို့ခံများက ပြောသည်။
လက်ရှိတွင် ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA တပ်က သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လုံခြုံအရေးအတွက် စိုးရိမ်ရ သေးတာကြောင့် ဒေသခံပြည်သူအားလုံးသည် နီးစပ်ရာနယ်စပ်ဒေသတွင် တိမ်းရှောင်နေကြရသေးသည်ဟု ကန်ပိုင်တည်ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောဆိုသည်။
“KIA ကလည်း နယ်မြေရှင်းလင်းရေးတွေ လုပ်နေသေးတော့ အထဲကိုဝင်ဖို့ မပြောကြသေးဘူး။ ပြည်သူတွေ စိုးရိမ် နေကြတာက လေယာဉ်လာပစ်မှာပဲ ကြောက်နေကြတယ်။ အဲကြောင့် ဘယ်သူမှလည်း မဝင်ရဲကြသေးဘူး။ ကိုယ်တိမ်းရှောင်နေတဲ့ နေရာမှာပဲ ရှိနေကြသေးတယ်” ဟု ၎င်းကဆိုသည်။
ကန်ပိုင်တည်ဒေသခံ ပြည်သူများအနေနှင့် KIA က မြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီ ဖြစ်သည့်အတွက် မြို့ခံပြည်သူတို့၏ လုံခြုံရေးကို အဓိက တာဝန်ယူ လုပ်ဆောင်ပေးစေချင်သည်ဟု တောင်းဆိုကြကြောင်း ၎င်းက ဆက်ပြောသည်။
တရုတ်အစိုးက နှစ်နိုင်ငံဆက်သွယ်ထားသည့် ကန်ပိုင်တည်နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားသည့်အပြင် ကန်ပိုင်တည်ဘက်ခြမ်း၌လည်း အဝင်အထွက်ဂိတ် ပိတ်ထားသည်ဟု မြို့ခံတို့ပြောဆိုမှုအရ သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ်တို့က မြစ်ကြီးနား – ဝိုင်းမော်မြို့နှစ်ခုကို ဆက်သွယ်သွားလာသည့် ဗလမင်းထင် တံတားကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ကစ၍ သွားလာခွင့်ပိတ်ထားသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ဗလမင်းထင်တံတား သွားလာခွင့်ပိတ်လိုက်မှုနှင့်ပတ်သက်ပြီး ကန်ပိုင်တည်မြို့ကို KIA သိမ်းပိုက်လိုက်တာကြောင့် သွားလာရေးကန့်သတ်သည့်အနေနဲ့ ပိတ်ထားသည်ဟု မြစ်ကြီးနားမြို့ခံတို့က ပြောဆိုနေကြသလို မြို့ခံပြည်သူတချို့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မြစ်ကြီးနားမြို့ကိုလာမည်ဟု သတင်းများထွက်နေတာကြောင့် ယာယီပိတ်ထားခြင်းလည်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။
KNG ပေးပို့သည်။