29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းKIA နှင့် TNLA ကြား နယ်မြေအငြင်းပွားမှုပြဿနာအား ညှိနှိုင်းဆောင်ရွက်နေကြောင်း တာဝန်ရှိသူများပြောဆို

KIA နှင့် TNLA ကြား နယ်မြေအငြင်းပွားမှုပြဿနာအား ညှိနှိုင်းဆောင်ရွက်နေကြောင်း တာဝန်ရှိသူများပြောဆို

ရှမ်ပြည်မြောက်ပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှုနှင့် ပဠိပက္ခများအပေါ် ညှိနှိုင်းနိုင်ရန် လုပ်ဆောင်နေကြောင်း နှစ်ဖက်တပ်တာဝန်ရှိသူတို့က ပြောဆိုသည်။

ရှမ်းမြောက် မန်တုံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ဖတ်ကာဒေသတွင် KIA နှင့် TNLA တို့ကြား အငြင်းပွားမှုနှင့် ပတ်သက်ပြီး PSLF/TNLA ပြန်ကြားရေးတာဝန်ခံလွေးရယ်ဦးက “ဒီကိစ္စက နှစ်ဖက်တပ်အောက်ခြေမှာ နားလည်မှုလွဲပြီး လုပ်ဆောင်နေတာပါ။ ကျမတို့ နှစ်ဖက်ညှိနှိုင်းဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

အလားတူ လက်ရှိဖြစ်နေပွားနေသည့် ပြဿနာများကို KIA တောင်ပိုင်းတိုင်းစစ်ဌာနချူပ်က တာဝန်ရှိလူကြီးများက တဖက်ကတာဝန်ရှိ TNLA အထက်လူကြီးများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်နေသည်ဟု KIO ဗဟိုဌာနချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ပြောဆိုသည်။

“KIO ဘက်ကတော့ စိတ်နှိမ့်ချရမယ်၊ အဲဒီလို အချင်းချင်းပြဿနာဖြစ်ကြအောင်လုပ်တာက ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အခုဖြစ်နေတဲ့ပြဿနာကနေ မတိုးပွားလာအောင် အချင်းချင်းပြေလည်စွာ ညှိနှိုင်းကြတာပဲ ကောင်းပါမယ်လို့ အမြဲပြောနေတာဟုတ်တယ်” ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရှမ်းမြောက်ရှိ KIA တပ်မဟာ (၄) တပ်ရင်း ၈ နယ်မြေ၊ မန်တုံ – နမ့်ခမ်း ကားလမ်းမပေါ်ရှိ မုံးဝီး (မိုင်းဝီး) ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နယ်မြေအငြင်းပွားမှုပဠိပက္ခ ထပ်မံဖြစ်ပွားခဲ့သည်။

မန်တုံ – နမ့်ခမ်းကြား မိုင်းဝီးဒေသရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ထွက်သွားရန် TNLA က ဖိအားပေးခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း မိုင်းဝီးရွာက KIO တိုက်နယ်ရုံးကို TNLA က ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် KIA စခန်းနှစ်ခုကို ဆုတ်ပေးရန် TNLA က ဖိအားပေးနေသဖြင့် ဇန်နဝါရီ ၂၇ ရက်နေ့အထိ နှစ်ဖက်တပ်ကြား အခြေအနေ တင်းမာနေခဲ့သည်ဟု ရှမ်းမြောက်ဒေသခံများက ပြောသည်။

ရှမ်းမြောက်ဒေသခံတစ်ဦးက “မုံးဝီးရွာအနီးက ဝန်ဒန်ကောင် (Wundan Kawng post) KIA စခန်း ၂ ခုကို ဒီမနက် (ဇန်နဝါရီ ၂၆ ရက်) ၉ နာရီကနေ ၁၁ နာရီကြား TNLA က အင်အားနဲ့ ချီတက်လာပြီး အတင်းအဓ္ဓမဖယ်ရှားဖို့ လာမောင်းထုတ်နေတယ်ပြောလို့ တော်တော်စိတ်ပူနေပါတယ်” ဟု ပြောသည်

အလားတူ မိုးမိတ်မြို့နယ်၊ နမ္မတူ – မန်တုံ – မုံးဝီး – နမ့်ခမ်း စသည့် နယ်မြေများတွင်လည်း TNLA နဲ့ KIA တပ်တို့ ကြား ပြဿနာဖြစ်ပွားနေရသည့်အပေါ် ဗိုလ်မှူးကြီးနော်ဘူက ယခုလို ရှင်းပြပြောဆိုသည်။

“TNLA ဘက်က ငါတို့တိုက်ထားတဲ့နယ်မြေ ဖြစ်တယ်၊ မင်းတို့မလာနဲ့ မဖြတ်နဲ့ စခန်းမထိုင်နဲ့လို့ ပြောဆိုတာတွေကြောင့် KIA ဘက်ကလည်း ဒါကိုမလိုလားတာကြောင့် အခုလို အချင်းချင်း အဓိကရုန်းအငြင်းပွားမှု ပြဿနာတွေ ဆက်တိုက်ဖြစ်နေရခြင်း ဖြစ်တယ်။ အချင်းချင်း ပြေပြေလည်လည် ကောင်းကောင်းညှိနှိုင်းကြရအောင်လို့ TNLA ဘက်ကို ပြောဆိုနေတာတွေရှိတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း နမ္မတူမြို့နှင့် မန်တုံမြို့ကို ဝင်သိမ်းလိုက်နိုင်ခဲ့သည့် TNLA တပ်ဖွဲ့သည် နမ္မတူမြို့နှင့် မန်တုံမြို့တခွင် KIA တပ်ဖွဲ့ဝင်များကို ယူနီဖောင်းနှင့် သွားလာခွင့်မပြုတော့သလို ယခင်ကတည်းက မြို့နယ်အတွင်းတည်ရှိနေသည့် KIA ဂိတ်စခန်း တစ်ခုပြီးတစ်ခုကို ဖယ်ရှားရန် ကြိုးပမ်းလာနေသည်ဟု ဆိုသည်။

ဇန်နဝါရီ ၂၅ ရက်နေ့ကစပြီး KIA တောင်ပိုင်းတိုင်းစစ်ဌာနချူပ်ရှိရာ နမ်ဖတ်ကာအနီး တီးမား (Dima) ရွာအဝင် မုဒ်ဦးထိ တပ်စခန်းတိုးချဲ့လာသည့် TNLA တပ်ဖွဲ့တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က တပ်ချခွင့်မပြုဘဲ တားမြစ်ခဲ့တာကြောင့် အချင်းချင်းကြားပြဿနာများ ဖြစ်ပွားခဲ့သည်။

ယင်းနောက် ဇန်နဝါရီ ၂၆ ရက်နေ့ ည ၆ နာရီခန့်တွင် TNLA နှင့် KIA အထက်အရာရှိတို့က အချင်းချင်း ပြန်လည် ညှိနှိုင်းဖြေရှင်းခဲ့ပြီး TNLA က တီးမား (Dima) အဝင်စခန်းကို ဖယ်ရှားပေးခဲ့ကြောင်း တီးမား (Dima) ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ပြောဆိုသည်။

“အခုတော့ ပြေလည်သွားလို့လည်း စိတ်ချလို့ရသေးတဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ TNLA ဘက်က KIA တောင်ပိုင်းတိုင်း စစ်ဌာနချူပ်ရှိတဲ့ဘက်ထိ စခန်းတိုးချဲ့လာတာက သူတို့မသိလို့လည်း မဟုတ်ဘူး။ သူတို့က တမင်တကာကို သွေးတိုးစမ်းတာ ဖြစ်တယ်။ သူတို့ရဲ့ အထက်လူကြီးတွေတောင်မသိဘဲ နမ့်ဖတ်ကာ- နမ့်အွမ် အနီးရှိတဲ့ TNLA က အဲလိုလုပ်လာတဲ့ အခြေအနေဖြစ်တယ်။KIA နဲ့ နီးနီးကပ်ကပ်နေရာယူလာလို့ မဖြစ်သင့်လို့ တားမြစ်တာဖြစ်တယ်” လို့ တီးမား (Dima) ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

နမ့်ဖတ်ကာအထက် တီးမား (Dima) ကျေးရွာရှိ TNLA စခန်းဖယ်ပေးရန် နှစ်ဖက်တပ်တာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်းပြီးနောက် တပြိုင်နက် မုံးဝီး (မိုင်းဝီး) ဒေသဘက်၌ TNLA က အင်အားနှင့် KIA တပ်မတွေကို ဖယ်ရှားရန် ပြန်လည် လုပ်ဆောင်လာသည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် နမ့်ဖတ်ကာကို မြို့အဆင့် မြင့်တင်အုပ်ချူပ်နေပြီး နမ့်ဖတ်ကာ – ခိုမုန်း – နမ့်အွမ် – တီးမား စသည့် ကျေးရွာဒေသတလျှောက်ကို KIA ထိန်းချုပ်ထားခြင်း ဖြစ်သည်။

နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက “နမ့်ဖတ်ကာမှာဆို ကချင်နဲ့ ပလောင် အများဆုံး နေထိုင်တာပဲ။ ဒီလိုပဲ ဆက်ဖြစ်နေရင် ပလောင်နဲ့ ကချင် အိမ်နီးချင်းအချင်းတောင် အရင်က ဆွေးမျိုးလိုနေပေမဲ့ မျက်နှာပူလာရတယ်။ လူမျိုးရေးပဋိပက္ခဘက် အသွင်ကူးပြောင်းလာနေပြီ။ နှစ်ဖက်အထက်လူကြီးတွေ ကောင်းကောင်းတွေ့ပြီး ဒီလို ပြဿနာတွေ ဆက်မဖြစ်တော့အောင် ပြေပြေလည်လည် ညှိနှိုင်းစေချင်တယ်” ဟု ပြောပါတယ်။

ရှမ်းမြောက်၊ ကွတ်ခိုင် – နမ့်ဖတ်ကာစသည့် ဒေသများ အပါအဝင် မိုးမိတ် – မန်တုံ – နမ္မတူ ဒေသတို့တွင် ကချင်နှင့် တအာင်း (ပလောင်) ကြား ရှေ့ယခင်ကတည်းက အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြတာကြောင့် လက်ရှိကာလတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားလာရန် နှစ်ဖက်တာဝန်ရှိသူများ အလေးနက်ထား တာဝန်ယူဖြေရှင်းပေးရန် နမ့်ဖတ်ကာဒေသခံများက ပြောဆိုကြသည်။

နမ့်ဖတ်ကာဒေသခံ တအာင်းအမျိုးသားတစ်ဦးက “ကချင်နဲ့ ပလောင်က ငယ်ငယ်ကတည်းကနေ ပေါင်းလာတာ ညီအစ်ကိုတွေပေါ့ဗျာ။ ထမင်းလည်း အတူစားတယ်။ ရေလည်း အတူသောက်တယ်။ ကျောင်းသားကျောင်းလာ အတူနေလာတာ။ ဆက်ဆံရေးလည်း ကောင်းတယ်။ အခုမှ နှစ်ဖက်က နားလည်မှုပုံစံတွေ လွဲသွားပုံရပါတယ်။ ဒါကြောင့် ခေါင်းဆောင်အချင်းချင်းတွေ နားလည်မှုရှိအောင် ဆွေးနွေးပေးဖို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။

လက်ရှိအချိန်သည် ဘုံရန်သူစစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေသည့်အချိန်ဖြစ်တာကြောင့် တော်လှန်ရေး ညီအစ်ကိုအချင်းချင်း နယ်မြေအငြင်းပွားမှု ပြဿနာများ မကြီးပွားအောင် ထိန်းသိမ်းဖို့လိုသည်ဟု ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပြောဆိုသည်။

“ဒီအချိန်ဟာ အခုလို လက်နက်ကိုင်ပြီး နယ်မြေပိုင်းခြားယူကြရမယ့် ခေတ်လည်းမဟုတ်တော့ဘူး။ နယ်မြေ ပိုင်းခြားယူတဲ့ ကိစ္စတွေအားလုံးက နိုင်ငံရေးဆွေးနွေးကြရမဲ့အချိန် ကောင်းမွန်စွာ ဆွေးနွေးယူကြရတဲ့နည်းလမ်းပဲ မှန်တယ်။ ဒါကြောင့် အခုလို လက်နက်ကိုင်ပြီး အချင်းချင်းချိန်းခြောက်ကြရမယ့် ခေတ်လည်းမဟုတ်ဘူး။ အဲဒီလို ဆက်သွားရင်တော့ ကျနော်တို့တွေရဲ့ ရည်မှန်းချက်တွေ ပိုပျောက်ဆုံးလာမှာလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄၊ တပ်မဟာ ၆၊ တပ်မဟာ ၁၀ နယ်မြေဒေသများတွင် KIA တပ်ဖွဲ့သည် TNLA နှင့်သာမဟုတ်ပဲ ကိုးကန့် MNDAA တပ်ဖွဲ့နှင့်လည်း နယ်မြေပိုင်းဆိုင်ရာ၌ အငြင်းပွားနေကြခြင်း ဖြစ်သည်။

KNG ပေးပို့သည်။