
ကချင်ပြည်နယ်၊ တနိုင်း – လီဒို လမ်းပေါ်ရှိ ရှဒူးဇွပ်ကျေးရွာတွင် ဖြစ်ပွားနေသည့် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ် လပ်ရေးတပ်မတော် KIA တို့ အကြား တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ရှိနေရာတွင် ဒေသခံ ၅ ဦးကို ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သတ်ပြီး ဒေသခံတစ်ဦးက “ဒေသခံ ၅ ယောက်ကို ဖမ်းသွားတယ်။ ပီတာကို လက်နောက်ပြန် ကြိုးတုတ်ပြီး ဖမ်းသွားတယ် သတင်းပေးလို့ ဆိုပြီးတော့။ နောက် အမျိုးသမီးတစ်ယောက်လည်း ပါတယ်။ သူတို့နှစ်ယောက်ကို တနင်္ဂနွေနေ့ မနက်က ဖမ်းသွားတယ်။ အိမ်မှာရှိတဲ့ ဖုန်းတွေလည်း အကုန်သိမ်းသွားတယ်။ ပီတာတို့အိမ်က ဖုန်းဆက်လို့ရတဲ့အိမ် ဟုတ်တယ်၊ အဲ့ဒါကို သတင်းပေးလို့ဆိုပြီး ဖမ်းတာ။ နောက် အမျိုးသမီး တစ်ယောက်ကိုတော့ ဖေ့ဘုတ်မှာ “အောင်ပြီ” တင်လို့ ဆိုလားပဲ ဖမ်းတာဟုတ်တယ်၊ အကုန်လုံးကို သူတို့ အိမ်တွေကနေ ဖမ်းသွားတာ” ဟု ပြောဆိုသည်။
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးမင်းဇေသန့်၏ နေအိမ်နှင့်တပ်စခန်း ၃ ခုကို KIA က ဇူလိုင်လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် အဆိုပါ ဒေသခံ ၅ ဦး ကို ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဖမ်းဆီးခံထားရသူများထဲတွင် အမျိုးသမီးများလည်း ပါဝင်သည်ဟု ဆိုသော်လည်း မည်သူမည်ဝါ ဖြစ်သည်ကို အတိအကျ အတည်မပြုနိုင်သေးဟု အဆိုပါဒေသခံက ပြောသည်။
ဖမ်းဆီးခံထားရသူများ အနက် တချို့ကို ပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲဆိုရန် လုပ်နေကြပြီး ၎င်းတို့အား စံပြ ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်းထဲတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။
KIA တပ်မဟာ ၂ တပ်ဖွဲ့ဝင်များသည် ရှဒူးဇွပ်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းနှင့် ၎င်းတို့ စုပေါင်းအခွန်ကောက်နေသည့်ဂိတ်၊ စံပြကျေးရွာရှိ တပ်စခန်းနှင့် ရွှေမှော်သွားရာ လမ်းပေါ်ရှိ တပ်စခန်း နေရာတစ်ခုတို့ကို ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ အပြန်အလှန်တိုက်ပွဲများ ဖြစ်ပြီးနောက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် KIA တပ်ဖွဲ့တို့အကြား ဇူလိုင်လ ၁၂ ရက်နေ့အထိ နှစ်ဖက်အကြား တင်းမာမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုများ ရှိခဲ့သည့်အပြင် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၏ အစ်ကိုအရင်းဖြစ်သူလည်း သေဆုံးသွားကြောင်းနှင့် KIA တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် ရှဒူးဇွပ်ကျေးရွာအတွင်း လုံခြုံမှု မရှိတော့သည့်အတွက် ရွာသားတချို့မှာ ဘေးလွှတ်နိုင်မည့် နေရာများသို့ တစ်စစီ တစ်စ စစ်ရှောင် ထွက်ပြေးလာနေကြပြီဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“စဖြစ်ကတည်းက ထွက်ဖို့ ဟုတ်တယ်၊ ထွက်မရလို့။ အခုတော့ ရွာသားတွေက လစ်လာကြပြီ။ ကျန်တာဆိုလို့ သူ့တို့ ပြည်သူ့စစ်အဖွဲ့တွေပဲ ကျန်မယ်။ တချို့တွေကိုဆို မထွက်ခိုင်းဘူး၊ ပြည်သူ့စစ်တွေက ခေါ်ထားတာလေ။ နောက်ပြီး ဒီပြည်သူ့စစ်အဖွဲ့တွေက တနေကုန် ဒရုန်းသုံးပြီး လိုက် Check နေတာ၊ ရွာသားတွေကိုလည်း ခြိမ်းခြောက်တယ်။ ဒရုန်းနဲ့ Check တာတော့ အခုမှ မဟုတ်ဘူး၊ အာဏာသိမ်းကတည်းကပဲ အခုတော့ ပိုဆိုးလာတာပေါ့” ဟု ထိုအမျိုးသမီးက ပြောသည်။
ဇူလိုင်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှဒူးဇွပ်ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အပြင် အနီးအနားရှိ နေအိမ်တချို့လည်း ထိမှန်ကာ ပျက်စီးမှုများ ရှိခဲ့သည်ဟု ဒေသခံတချို့က အတည်ပြုပြောသည်။
ယင်းနေ့ နံနက် ၄ နာရီမှ နံနက် ၈ နာရီကျော် အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း KIA ဘက်တွင်လည်း ထိမှန်သေဆုံးမှုများ ရှိခဲ့သည့်အပြင် ပြည်သူ့စစ်အဖွဲ့ဘက်က ၅ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့သည်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၏ တယ်လီဂရမ်ချန်နယ်တွင်လည်း ဇူလိုင်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင် သုံးဦး၏ ရုပ်အလောင်းနှင့် သိမ်းဆည်းရမိသော လက်နက်များ ရိုက်ကူးထားသည့် ဓါတ်ပုံကို မျှဝေထားပြီး ၎င်းတို့ ပြည်သူ့ စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဖော်ပြထားသည်။
NMG ပေးပို့သည်။