KIA က မိုးမောက်မြို့ရှိ စစ်ကောင်စီ ခမရ ၄၃၇ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီ

By MPM 19 ဩဂုတ်, 2024 👁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ရှိ စစ်ကောင်စီ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေး တပ်မတော်/ KIA ပူးပေါင်းတပ်များက တစ်လဝန်းကျင်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာက သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဟု KIO/KIA က အတည်ပြုပြောဆိုသည်။

KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ “၃ နာရီနဲ့ မိနစ် ၄၀ ဝန်းကျင်လောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ စခန်းကို မသိမ်းခင် ဒီမနက်ပိုင်းမှာ စစ်ဆင်ကွပ်ကဲရေးအဖွဲ့တွေ အရင်ထွက်ပြေး သွားကြတယ်။ တပ်သားဦးရေ ဘယ်လောက်ထိ ရှိလဲတော့မသိဘူး။ ဖမ်းဆီးရမိတာတွေလည်း အချိန်အထိ အသေးစိတ်တော့ မသိရသေးဘူး။ စခန်းသိမ်းပိုက်နိုင်တာတစ်ခုပဲ သေချာသိရသေးတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဘက်က မိုးမောက် ခမရ ၄၃၇ တပ်စခန်း လက်မလွတ်ရရေးအတွက် ယနေ့ (သြဂုတ်လ ၁၉ ရက်) နေ့လယ် ၁၂ နာရီ ဝန်းကျင်အထိ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ဗန်းမော်မြို့ဘက်ကနေလည်း တင့်ကားအပါ စစ်ကား ၅ စီးနှင့် စစ်ကူတက်လာ တိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့ဘက်ကနေ စစ်ကူတက်လာသည့် စစ်ကား ၅ စီးပါဝင်သော စစ်ယာဉ်တန်းကို မိုးမောက်မြို့ မရောက်မီ ၆ မိုင် နှင့် ၇ မိုင်ကြားတွင် KIA တပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု KIA ထံမှ သိရသည်။

ထိုအခြေအနေကြောင့် စစ်ကူတက်လာသော စစ်ကောင်စီယာဉ်တန်းသည် တိုက်ပွဲဖြစ်ပွားသည့် မိုးမောက်မြို့ကို မတက်သွားနိုင်တော့ဘဲ လမ်းခုလပ်မှာပင် ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် တိုက်ခိုက်ခံလိုက်ရသည့် နေရာမှာပင် စစ်ကား ၄ စီးလုံး မီးလောင်ပျက်စီးသွားပြီး စစ်ကား ၁ စီးကို KIA ပူးပေါင်းတပ်တို့က သိမ်းဆည်းနိုင်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောသည်။

မိုးမောက်မြို့ စစ်ကောင်စီ ခမရ ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ ကစ၍ ဒုတိယအကြိမ် တိုက်ပွဲဖော်ဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကာလ တစ်လခန့်အကြာ ယနေ့ (သြဂုတ်လ ၁၉ ရက်) တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုးမောက် စစ်ကောင်စီ ခမရ ၄၃၇ တပ်စခန်းကို ပြီးခဲ့သည့် မေလကတည်းက KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ပထမအကြိမ် စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက်က တပ်စခန်း လက်မလွတ်ရရေးအတွက် လေကြောင်းနှင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် ဆုတ်ခွာခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက်နေ့ကစ၍ ဒုတိယအကြိမ် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

KIA ပူးပေါင်းတပ်များက မိုးမောက် ခမရ ၄၃၇ တပ်စခန်းသိမ်းတိုက်ပွဲအပြီး လက်နက်ခဲယမ်းများ မရေမတွက်နိုင်အောင် သိမ်းဆည်းရမိခဲ့သည်ဟု ခိုင်လုံသည့် KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

မိုးမောက် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံးပြီး ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားတချို့ ရှိသလို ဖမ်းဆီးရမိတဲ့သူများလည်းရှိသည်ဟု အဆိုပါ KIA ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောသည်။

“ထွက်ပြေး လွတ်မြောက်သွားတဲ့သူတွေက သိပ်မရှိလောက်ဘူး။ ဘာလို့လဲဆိုတော့ ထွက်လို့မရအောင် အကုန် ပိတ်ထားတယ်လေ။ တပ်စခန်းမှာက စစ်အင်အား ၃၀၀ လောက်ရှိတယ်၊ အကုန်သေသွားတယ်။ ဖမ်းဆီးရမိတာ လည်းရှိတယ်။ ဘယ်လောက်ရှိလဲတော့ သေချာမသိရသေးဘူး။ လက်နက်ခဲယမ်းကတော့ ရေတွက်လို့တောင် မကုန်ဘူး အရမ်းများတယ်” ဟု ၎င်းက ပြောသည်။

မိုးမောက် ခမရ ၄၃၇ တပ်စခန်းတွင် စစ်ကောင်စီတပ်သား ၃၀၀ ဝန်းကျင်ရှိပြီး အဆိုပါစစ်အင်အားက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း KIO ထိန်းချုပ်နယ်မြေတဝိုက်က တပ်စခန်းသိမ်းတိုက်ပွဲများမှ ထွက်ပြေး လွတ်မြောက်လာပြီးနောက် မိုးမောက်တပ်စခန်းတွင် ပူးပေါင်းလာကြသူများဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့နှင့် ၇ မိုင် အကွာတွင်ရှိသည့် မိုးမောက် ခမရ ၄၃၇ တပ်ရင်းသည် ဗန်းမော်မြို့အပါ မိုးမောက်မြို့နယ် တစ်ခုလုံးအတွက် အရေးပါသလို ဗန်းမော် – မိုးမောက် – လွယ်ဂျယ် ကားလမ်းပိုင်းအတွက်လည်း စစ်ရေးအရ အဓိက အရေးပါသော အဆိုပါတပ်စခန်းနေရာကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။

KNG ပေးပို့သည်။