IEC လူငယ်ရေးရာဌာနက မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ်များအတွက် စင်တာထားရှိပြီး ပြန်လည်ထူထောင်ရေးအစီအမံ လုပ်ဆောင်မည်

By MPM 21 ဖေ‌ဖော်ဝါရီ, 2025 👁 5

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC က ဖွဲ့စည်းခဲ့သော လူငယ်ရေးရာဌာနက အသက်မပြည့်သေးဘဲ မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ်များအတွက် စင်တာထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း အစီအမံများကို ဆောင်ရွက်သွားမည်ဟု လူငယ်ရေးရာဌာန – ဌာနမှူးကြီး ခွန်းသောမတ်စ်က ပြောဆိုသည်။

IEC က ပြီးခဲ့သည့် ၂၀၂၄၊ စက်တင်ဘာလ ၄ ရက်နေ့ကထုတ်ပြန်ခဲ့သည့် တရားဥပဒေစိုးမိုးရေးအစီမံများထဲက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း အစီအမံကို IEC လူငယ်ရေးရာဌာနက လူငယ်နှင့်မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကိစ္စရပ်အဖြစ် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ဌာနမှူးကြီးခွန်းသောမတ်စ်က ဆိုသည်။

“အသက်မပြည့်သေးဘဲနဲ့ သုံးစွဲနေကြတဲ့လူငယ်ကိစ္စတွေ ရှိတယ်။ ထောင်ပို့ရမလား သို့မဟုတ်ရင် ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို တိုင်ပင်ကြတော့ အသက်မပြည့်သေးတဲ့လူငယ်တွေကို စင်တာမှာ ထားရှိပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စိတ်ရောကိုယ်ရော အဲ့လိုကောင်းကောင်းမွန်မွန် ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ခွန်းသောမတ်စ်က ပြောပါသည်။

IEC လူငယ်ရေးရာဌာနကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဦးစီး ကောင်စီက ချမှတ်သည့်လုပ်ငန်းစဉ်များ၊ လုပ်သင့်လုပ်ထိုက်သည့် မူဝါဒကို ပြင်ဆင်ရေးဆွဲနေဆဲ ဖြစ်သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး အစီအမံနှင့်ပတ်သက်ပြီး ဖယ်ခုံမြို့နယ်မှ လူငယ်အမျိုးသမီးတစ်ဦးက “အရွယ်မရောက်သူ သုံးစွဲရင် ပြစ်ဒါဏ်ပေးတာ စသဖြင့်ပေါ့။ ပြီးတော့ ဆေး၊ အရက်အတွက် ကုသရေးစင်တာ တွေ ဖွင့်သင့်တာ၊ ဒါတွေဆွေးနွေးပြီးမှ ဥပဒေသေချာရေးဆွဲပြီးမှ ဖမ်းဆီးတာတွေ လုပ်သင့်ပါတယ်။ ဥပဒေ အကြောင်းအရာကို နားလည်မှပြုလုပ်တာ အကောင်းဆုံးလို့ မြင်မိပါတယ်” သုံးသပ်ပြောဆိုသည်။

လူငယ်နှင့် ပြန်လည်ထူထောင်ရေးအစီအမံကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူငယ်အသင်းအဖွဲ့များနှင့် အစိုးရဌာနကြား ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ခွန်းသော်မတ်စ်က ပြောဆိုသည်။

“အဓိက ကတော့ လူငယ်နဲ့ ပြန်လည်ထူထောင်ရေးကိစ္စမှာ ဦးစားပေးတစ်ပေါ့။ ကရင်နီပြည်မှာရှိတဲ့ လူငယ်တွေနဲ့ ဌာနကြားမှာ ချိတ်ဆက်မှုရှိအောင် လူငယ်အသင်းအဖွဲ့တွေနဲ့ အစိုးရဌာနကြားမှာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို အဓိကလုပ်ဆောင်သွားမယ်” ဟု ခွန်းသောမတ်စ်က ဆိုသည်။

ကြားကာလအတွင်း ကရင်နီပြည်တွင် မူးယစ်ဆေးဝါးသုံးစွဲသူလူငယ်များ များပြားလာသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ဘိန်းစိုက်ပျိုးမှုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြသည်ကို တွေ့လာရကြောင်း ဒေသခံတို့ကပြောဆိုသည်။

ထိုအခြေအနေကြောင့် လူငယ်ရေးရာဌာန၏ လုပ်ငန်းဆောင်ချမှတ်မှုကို ကြိုဆိုလက်ခံပြီး လက်တွေ့လုပ်ဆောင်ချက်များကို ပိုမိုမျှော်လင့်သည်ဟု ဒီးမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသမီးလူငယ်တစ်ဦးက ယခုလိုပြောသည်။

“ကျမကတော့ IEC ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းတယ်လို့မြင်တယ်။ ဒါပေမဲ့ တခုခုကိုပြောလိုက်ပြီဆိုရင် အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ခိုင်းချင်တာပေါ့နော။ လောလောဆယ်က IEC ကြောင့် ကျမတို့မှာ မျှော်လင့်ချက်တခု ရှိလာတယ်ဆိုပေမဲ့ နောက်ဆုံးမှာတော့ မျှော်လင့်ချက် မဲ့မသွားချင်ဘူးပေါ့နော်။ IEC ကလည်း ကျမတို့လူထုနဲ့ များများထိတွေ့ဆက်ဆံသင့်တယ်” ဟု အဆိုပါလူငယ်အမျိုးသမီးက ပြောသည်။

စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါး၊ တရားမဝင် လက်နက်ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ တော်လှန်ရေးလူမှုကျင့်ဝတ်နှင့်မညီသည့် လိင်ဖျော်ဖြေ ရေး၊ အာဏာသိမ်း စစ်တပ်ထောက်လှမ်းရေး၊ ပြည်သူနှင့် တော်လှန်ရေးကို ထိခိုက်စေသော မဟုတ်မမှန် သတင်းဖြန့်ဝေခြင်းနှင့် မြေပြင်-အွန်လိုင်းဂိမ်းလောင်းကစားစသော လုပ်ငန်းများကို တရားဥပဒေစိုးမိုးရေးအစီအမံအဖြစ် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ရေးဆွဲခဲ့သည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။