IEC ထိန်းချုပ်နယ်မြေတွင် အဆင့်မြင့်ပညာရေးတက္ကသိုလ် ၅ ခု ဖွင့်လှစ်ထား

By MPM 25 မတ်, 2025 👁 4

ကရင်နီ (ကယား) ပြည်အတွင်းရှိ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေ သည့် နယ်မြေဒေသများတွင် အဆင့်မြင့်ပညာရေး တက္ကသိုလ် ၅ ခု အထိ ဖွင့်လှစ်ထားသည်ဟု IEC ၏ ၂၀၂၄ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၌ ပြောဆိုထားသည်။

အဆင့်မြင့်ပညာရေးကျောင်းများကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ပါမောက္ခများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများက ဦးဆောင်ဖွင့်လှစ်ထားခြင်း ဖြစ်သည်ဟု IEC က ဆိုသည်။

အဆိုပါကျောင်းများ၏ ရှေ့လုပ်ငန်းစဥ် ရေးဆွဲရာတွင်ဖြစ်စေ၊ ရန်ပုံငွေထောက်ပံ့ရာတွင်ဖြစ်စေ ပူးပေါင်းဆောင်ရွက်နေကြောင်း IEC ပညာရေးဌာန၊ ဒုတိယဌာနမှူး (၂) ခန်းယူဂျိန်းစ်က ပြောပါသည်။

“အဆင့်မြင့်ကျောင်းတွေအားလုံး နိုင်ငံတကာအဆင့်မှီတဲ့ အရည်အသွေးမြင့်မားတဲ့ကျောင်းတွေ ဖြစ်လာအောင် လည်း ဆောင်ရွက်နေတယ်။ ကျောင်းတွေအားလုံး ကျောင်းသူကျောင်းသားတွေ ဆရာ/ဆရာမတွေအားလုံး အရည်အသွေး အာမခံချက်ရဖို့အတွက်လည်း ကျနော်တို့က ဝိုင်းဝန်းစီစဥ်ပြီး ပညာရှင်တွေကလည်း တိုင်ပင်ဆွေးနွေးတာရှိတယ်ပေါ့နော” ဟု ခန်းယူဂျိန်းစ်က ပြောသည်။

အဆင့်မြင့်ကျောင်းများဖြစ်သည့် ဖန်းဆော် (ဝိဇ္ဇာသိပ္ပံ) တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ နည်းပညာတက္ကသိုလ်၊ ဆေးကောလိပ်၊ သူနာပြုတက္ကသိုလ် စသည့် တက္ကသိုလ်တို့ကို CDM ဝန်ထမ်းများက ကြီးမှူး ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အဆင့်မြင့်ပညာရေးကျောင်းများထဲက ရန်ပုံငွေနည်းပါးသည့်ကျောင်းတို့ကို ငွေကြေးအရပံ့ပိုးနေပြီး ကျောင်းဝန်ထမ်းများကို လစဥ်ငွေကြေးထောက်ပံ့မှု မရှိသေးကြောင်းလည်း IEC က ပြောဆိုသည်။

အဆိုပါကျောင်းများနှင့်ပူးပေါင်းပြီး သုသေတနပြုရေးလုပ်ငန်းစဥ်၊ ပညာတော်သင်စေလွှတ်ရေး လုပ်ငန်းစဥ်တို့ကိုလည်း ဆွေးနွေးမှုပြုလုပ်နေသည်ဟု IEC က ဆိုသည်။

ယင်းအပြင် ဘာသာရပ်စုံတက္ကသိုလ် တည်ထောင်နိုင်ရန်လည်း ရှေ့လုပ်ငန်းစဥ်ချမှတ်ထားသည်ဟု IEC ပညာရေးဌာန ဒုဌာနမှူး (၂) ခန်းယူဂျိန်းစ်က ယခုလိုပြောပါသည်။

“အဆင့်မြင့်ကျောင်းအားလုံးနဲ့ပူးပေါင်းပြီး အဆင့်မြင့်လုပ်ငန်းကော်မတီ ဖွဲ့စည်းထားပြီးပြီဖြစ်တဲ့အတွက် ရှေ့လုပ်ငန်းစဥ်ထဲမှာ ကျနော်တို့ ဘာသာရပ်စုံတက္ကသိုလ်တည်ထောင်ဖို့ chapter ရေးဆွဲဖို့လည်း စီစဥ် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆင့်မြင့်ပညာရေး တက္ကသိုလ် ၅ ခုတွင် ကျောင်းသူ၊ ကျောင်းသားပေါင်း ၃၁၀ ဦး ရှိပြီး ဆရာ၊ ဆရာမဦးရေ ၁၁၂ ဦး ရှိသည်ဟု IEC က ပြောဆိုသည်။

ကရင်နီပြည်တွင် စစ်ကောင်စီအုပ်ချုပ်ရေးဆောင်ရွက်နေသည့် လွိုင်ကော်မြို့ပေါ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေး ဒီဂရီကောလိပ်၊ သူနာပြုကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့ကို စစ်ကောင်စီက ဖွင့်လှစ်ထားသည်။

ယင်းအပြင် လွိုင်ကော်တက္ကသိုလ်ကို ဖွင့်လှစ်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။