ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော် (၅,၆၄၇,၉၂၈,၄၆၂) ရရှိခဲ့ရာတွင် ဝင်ငွေအများစုကို ပြည်တွင်းအခွန်ငွေကနေ ရရှိခဲ့ခြင်းဖြစ်သည်ဟု IEC ၏ ၂၀၂၄ ခုနှစ် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာဖော်ပြချက်အရ သိရသည်။
ထိုလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတွင် ပြည်တွင်းအခွန်ငွေမှ ၃၁ ရာခိုင်နှုန်း၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ထည့်ဝင်ငွေ ၂၉ ရာခိုင်နှုန်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ထည့်ဝင်ငွေ ၂၈ ရာခိုင်နှုန်းနှင့် အခြား ၁၂ ရာခိုင်နှုန်း အသီးသီးကနေ ရန်ပုံငွေရရှိသည်ဟု IEC က ပြောဆိုထားသည်။
ရရှိလာသည့် ရန်ပုံငွေဖြင့် IEC လက်အောက် သက်ဆိုင်ရာဌာနအသီးသီးကနေ လုပ်ငန်းဆောင်ရွက်မှုအပြင် ရေဘေးကြောင့် ပျက်စီးသွားသော စိုက်ပျိုးသီးနှံအတွက်ထောက်ပံ့ရေး၊ မှုခင်းအရေးယူဆောင်ရွက်ရေး၊ ကယ်ဆယ်ရေး၊ မိုင်းရှင်းလင်းရေး၊ လမ်းတံတားတည်ဆောက်ရေးအပြင် ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှု အစရှိသည်တို့ကို ဆောင်ရွက်ခဲ့သည်ဟု IEC က ဆိုသည်။
ကြားကာလအနေအထားအရအနေဖြင့် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီဖြစ်ပေမယ့် လုပ်ငန်းစဥ်များကို ပိုမိုထိရောက် ဆောင်ရွက်စေလိုသည်ဟု ဒေသခံများက ပြောသည်။
ကရင်နီပြည်အတွင်း ဒေသခံလူထု သွားလာမှုအများဆုံးဖြစ်သည့် ဒီးမော့ဆိုမြို့နယ်အတွင်းက လမ်းတံတားတို့ကို ပြုပြင်ဆောင်ရွက်ပေးစေလိုသည်ဟု ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါသည်။
“လမ်းတွေပျက်နေတာ အများကြီး။ သူတို့ပြထားတဲ့စာရင်းတွေအရ ဆောင်ရွက်နေတာတွေရှိတယ်။ ဒါပေမဲ့ ချိုင့်ခွက်တွေ အများကြီးဖြစ်နေတဲ့နေရာတွေ ယာဥ်တိုက်မှု ဖြစ်နိုင်တဲ့နေရာတွေ ကျနော်တို့ပတ်ဝန်းကျင်မှာ တွေ့နေရတယ်။ ကျနော်တို့ ကိုယ်ထူကိုယ်ထအနေနဲ့ ကိုယ်တိုင်လုပ်နေရတယ်။ ဘာအကူအညီမှမရှိဘဲနဲ့ စစ်ဘေးရှောင်နဲ့ ရွာသားတွေပေါင်းပြီးလုပ်နေရတာရှိတယ်။ အဲဒါကို IEC က သေသေချာချာဆောင်ရွက်ဖို့ လိုမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
ရန်ပုံငွေ ၂၇ ဒဿမ ၄ ရာခိုင်နှုန်းနှင့် အများဆုံးခွဲဝေပေးထားသည့် ပြည်ထဲရေးဌာန၏ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲက မြို့နယ်သစ်ဖွဲ့စည်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနစိပ်က ပြည်နယ်တွင်း ဝင်/ထွက်သွားလာမှုကို ကြီးကြပ်ကွပ်ကဲခြင်း၊ ကရင်နီပြည်ရဲဌာနခွဲက လုံခြုံရေးရဲကင်း ရဲစခန်းဖွင့်လှစ်ခြင်း၊ မှုခင်းအရေးယူဆောင်ရွက်ခြင်း၊ မီးဘေးလုံခြုံရေးဌာနစိပ်က ရေပေးဝေခြင်း၊ မီးသတ်ပေးခြင်းအပြင်၊ အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက အရပ်သား၊ ရဲဘော်များကို ကယ်ဆယ်ပေးရေးလုပ်ငန်းစသဖြင့် အသီးသီးလုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။
အလားတူ လူသားချင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေးဌာနတွင် ၂၄ ဒဿမ ၇ ရာခိုင်နှုန်းနှင့် ဒုတိယအများဆုံး အသုံးပြုခဲ့သည်ဟု IEC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။