ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကရင်နီရေဘေးသင့်ဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု IEC က အောက်တိုဘာ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်၍ အကူအညီ ဖိတ်ခေါ်သည်။
IEC ပြည်ထဲရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရေဘေးသင့် ကရင်နီပြည်သူများ ပြန်လည်နေရာချထားရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင် လက်ရှိတွင်လည်း အကူအညီများလိုအပ်ဆဲဖြစ်သည်ဟု ဆိုသည်။
IEC စာရင်းအရ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုကြောင့် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ နန်းမယ်ခုံ မြို့နယ်၊ ဒီးဘောင်းခူ မြို့နယ်၊ ဒီးမော့ဆို (အရှေ့) မြို့နယ်၊ ဟိုယာ မြို့နယ်၊ ဘောလခဲ မြို့နယ်၊ မော်ချီးဒေသ၊ ဆိုမို/ ဖရေဆိုးလေး (ရှားတော) မြို့နယ်၊ မယ်စဲ့မြို့နယ် စသည့် မြို့နယ် (၁၀) မြို့နယ်များရှိ စစ်ဘေးရှောင်စခန်း ၁၆ ခုနှင့် ကျေးရွာပေါင်း ၅၄ ရွာသည် ရေဘေးအန္တရာယ် ရင်ဆိုင်ကြုံခဲ့ရသည်ဟု ဆိုသည်။
ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဘက်ခြမ်းက ရေဘေးသင့်စစ်ရှောင်များကို အကူအညီပေးနေသူတစ်ဦးက “ပြန်လည်ထူထောင်ရေးတွေကတော့ လုပ်နေပြီ။ တဲတွေဘာတွေ ပြန်ဆောက်နေပြီပေါ့နော်။ အမိုးအကာတွေကတော့ တချို့ ရတာတွေရှိနေပေမယ့် တခြားသောအကူအညီကတော့ အခုထိ လိုအပ်နေတယ်” ဟု ပြောဆိုသည်။
IEC ထုတ်ပြန်ချက်အရ စစ်ဘေးနှင့် သဘာဝဘေးဒဏ် ခံစားနေရသည့် ပြည်သူ ၁ သိန်းခွဲအတွက် တလတာ စားနပ်ရိက္ခာလိုအပ်ချက်၊ သဘာဝဘေးကြောင့် ပျက်စီးသွားသည့် အိမ်ခြေ ၁၉၄၇ လုံး ပြန်လည်တည်ဆောက်ရန်၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော လယ်ယာမြေ ၁၀၈၆၇ ဧက ပြန်လည်ကုစားရန် လိုအပ်ချက်များအပြင် သဘာဝဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် မိသားစု ၁၉၄၇ စုအတွက် အိမ်အသုံးအဆောင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အမေရိကန်ဒေါ်လာ ၇ သန်းကျော် လိုအပ်ကြောင်း ဖော်ပြပါရှိသည်။
ရေဘေးကြောင့် ကရင်နီတောင်သူတို့၏ စိုက်ပျိုးမြေ ဧက ၁ သောင်းကျော်ပျက်စီးခဲ့ပြီး မိသားစုအိမ်ခြေ ၂ ထောင်နီးပါးလည်း ပြန်လည်ထူထောင်ရန် လိုအပ်နေသည်ဟု ဆိုသည်။
ပြောင်းနှင့် တခြားသီးနှံများကို အားထားစိုက်ပျိုးကြသည့် ဒေသခံတောင်သူများအတွက် ယခုလို သီးနှံပျက်စီးဆုံးရှုံးသွားတာကြောင့် ရေရှည်၌ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုများရှိနေကြောင်း ဒေသခံတောင်သူများက ပြောဆိုသည်။
ပြောင်းမျိုးစေ့၊ မြေဩဇာနှင့် တခြားကုန်ကျစရိတ်များကို ချေးငှားပြီး စိုက်ပျိုးကြသည့် တောင်သူတချို့လည်း အခက်အခဲကြုံနေရကြောင်း လက်ရှိတွင် နေ့စားအလုပ်လုပ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။
“ဒေသခံတွေက သီးနှံတွေကိုမှီခိုပြီး ရပ်တည်ရတာဖြစ်တဲ့အတွက် သီးနှံတွေရေမြုပ်ကုန်တော့ အခက်အခဲ ဖြစ်တာပေါ့။ အဲ့ဒီအခက်အခဲတွေကို ရရာအလုပ်လေးနဲ ပြန်လည်ရုန်းကန်ပြီးတော့ ပြန်လည်ဖြေရှင်းရတာပေါ့” ဟု ဒေသခံတောင်သူတစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီပြည် ဒေသအနှံ့အပြားတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ လမ်းတံတားပျက်စီးမှု၊ ကျေးရွာများရှိ နေအိမ်များရေလွမ်းမိုးမှု၊ ဒေသခံတောင်သူတို့၏ စိုက်ပျိုးသီးနှံများ ပျက်စီးမှုတို့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။