ကရင်နီပြည်အတွင်း ယခု ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလမှ မတ်လအထိ ၃ လတာအတွင်း IEC တရားရေးဌာနလက်အောက်၊ ဥပဒေရေးရာကြီးကြပ်ရေးမှူးရုံးက စစ်ဆေးခဲ့သည့် မုဒိမ်းမှုအပါအဝင် မုဒိမ်းမှုနှင့်သက်ဆိုင်သည့် အမှုပေါင်း ၇ မှုကို အရေးယူဆောင်ရွက်နိုင်ခဲ့သည်ဟု ပြည်နယ်ဥပဒေအရာရှိက ပြောပါသည်။
“အချုပ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့မှာ မုဒိမ်းမှုခုနှစ်မှု ရှိပါတယ်။ လက်ရှိစစ်ဆေးနေဆဲကတော့ နှစ်မှုရှိတယ်။ ကျန်တဲ့ငါးမှုမှာ တစ်မှုကတော့ ပိတ်သိမ်း၊ လေးမှုကတော့ ပြီးပြတ်ဖြစ်ပါတယ်” ဟု ပြည်နယ်ဥပဒေအရာရှိ ခွန်းဂျက်စတင်းက ပြောသည်။
အရေးယူဆောင်ရွက်မှု ပြီးပြတ်သွားသည့် မုဒိမ်းမှု ၃ မှုကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်းနှင့် အဆိုပါအမှုဖြစ်စဉ်တို့သည် ဒီးမော့ဆိုအနောက်ဖက်ခြမ်းက မုဒိမ်းမှုတစ်မှု၊ မယ်စဲ့မြို့နယ်က မုဒိမ်းမှုတစ်မှုနှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက မုဒိမ်းကျင့်ရန် ကြံစည်မှုတို့ဖြစ်ကြောင်း ၎င်းကပြောသည်။
ကျန်ရှိသည့် တပ်ဖွဲ့ဝင်အချင်းချင်းကြား မုဒိမ်းကျင့်ရန်ကြံစည်မှုတစ်မှုကို စစ်ဆေးခဲ့ပြီးနောက် သက်ဆိုင်ရာတပ်ဖွဲ့ဆီ ပြန်လွှဲအပ်လိုက်သည်ဟုလည်း ၎င်းကဆိုသည်။
ယင်းအပြင် ဖရူဆိုအနောက်ဖက်ခြမ်း ဟိုယာကျေးရွာတွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်ပြီး သတ်ဖြတ်ရန်ကြံစည်မှုတစ်မှုနှင့် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက မုဒိမ်းကျင့်ရန်ကြံစည်မှုတစ်မှု စုစုပေါင်းနှစ်မှုတို့ကို လက်ရှိ၌ စစ်ဆေးနေဆဲဖြစ်သည်ဟု ခွန်းဂျက်စတင်းက ပြောဆိုသည်။
ဒီးမော့ဆိုအနောက်ဖက်ခြမ်း၌ ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုတွင် ပြစ်ချက်မတွေ့ရှိတာကြောင့် တရားရုံးက တရားသေလွှတ်ခဲ့ပြီး ကျူးလွန်ခံရသူ စိတ်ဆန္ဒသဘောအရ IEC ဘက်က အယူခံဆက်တက်မည်ဟုလည်း ခွန်းဂျက်စတင်းက ပြောသည်။
ဒေသခံတို့၏ ပြောကြားချက်အရ စစ်ပဋိပက္ခအတွင်း တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် ကရင်နီပြည်တွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပြင် အိမ်တွင်းအကြမ်းဖက်မှုများ ပိုများလာသည်ဟု ဆိုသည်။
“အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ စီးပွားရေးအချက်အချာကျတဲ့နေရာတွေမှာ လူပေါင်းစုံ ရောနှောနေထိုင် ကြရတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ဖြစ်နေကြတာပေါ့နော။ အိမ်တွင်းအကြမ်းဖက်မှုကတော့ စစ်ရှောင် စခန်းတိုင်းလိုလိုပါပဲ” ဟု ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းတွင် စစ်ဘေးရှောင်နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများကိုလည်း အရေးယူဆောင်ရွက်ရန် တာဝန်ရှိသူများကို တိုင်ကြားရန်လိုသည်ဟုလည်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။
၂၀၂၅ ခုနှစ် ဧပြီလအတွင်းက ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းတွင် ဖြစ်ပွားခဲ့သည့် ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည့်အမှု တစ်မှုကို မြို့နယ်တရားရုံးကနေ စစ်ဆေးနေကြောင်း သိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။