ကရင်နီ (ကယား) ပြည်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား တရားဝင်ကုမ္ပဏီမှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင်များ လျှောက်ထားနိုင်ရန် ပြုလုပ်ပေးနေပြီဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောဆိုသည်။
IEC နှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အစိုးရတရပ်အသွင်ဆန်သည့် အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ယုံကြည်မှုတို့ကို တည်ဆောက်သွားနိုင်မှာဖြစ်တယ်လို့ IEC ၏ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေးဌာန- ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
ဦးအယ်လ်ဖောင်းရှိုက “ပြည်သူတွေလည်းပဲ ဒီလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေ၊ ခွန်အားတွေ ရရှိမယ်။ တရားဝင်မှတ်ပုံတင်ပြီးမှ လက်ရှိကိုယ့်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားတွေကို လုပ်ခွင့်ရလာတဲ့ အနေအထားမျိုး အာမခံချက်တွေရှိတဲ့ အနေအထားမျိုး ဖြစ်လာမှာပေါ့နော” ဟု ဆိုသည်။
ကုမ္ပဏီမှတ်ပုံတင် လျှောက်လိုသူသည် နိုင်ငံခြားကုမ္ပဏီဖြစ်နေပါက ပထမဦးစွာ နေထိုင်ခွင့်လျှောက်ထားရမှာဖြစ်သည်ဟု ၎င်းဆက်ပြောသည်။
ကူးသန်းရောင်းဝယ်ရေး၊ ဒေသထွက် ပြောင်း၊ ဆန်စပါး ရောင်းဝယ်ရေး၊ သားသတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး စသဖြင့် လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားရန်လည်း ပြုလုပ်ပေးထားသည်ဟု ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
လုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းအားဖြင့် အစိုးရကို အခွန်ငွေပေးဆောင်ရတော့မည် ဖြစ်သည့်အတွက် ကုန်စျေးနှုန်းကို ပိုမိုထိန်းပေးနိုင်လိမ့်မည်ဟု ဒီးမော့ဆိုအနောက်ဖက်ခြမ်းတွင်နေထိုင်သော ဆန်စပါးရောင်းဝယ်ရေးလုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးက ယခုလိုပြောဆိုသည်။
“အာမခံချက်ရှိတယ်လို့ ယူဆရမှာပေါ့။ ဆန်စပါးရောင်းဝယ်ရေးနဲ့ပတ်သက်ပြီး စျေးကို ပိုပြီးထိန်းနိုင်လိမ့်မယ်။ ဆန်စက်တိုင်းက အခွန်ပေါ်မှာမူတည်ပြီး ကြိတ်ခကို တပြေးညီကောက်ခံသွားမယ်ဆိုရင် တောင်သူတွေ အတွက်လည်း အဆင်ပြေမယ်လို့ထင်တယ်” ဟု အဆိုပါလုပ်ငန်းရှင်က ပြောသည်။
ကုမ္ပဏီမှတ်ပုံတင်လျှောက်လိုသူများသည် သတ်မှတ်ချက်အရ ကုမ္ပဏီတွင်လုပ်ကိုင်ပါဝင်သူ အနည်းဆုံး ၃ ဦး ရှိရမည်ဖြစ်ပြီး ကုမ္ပဏီ၏ ဖွဲ့စည်းပုံ၊ အစည်းအဝေးမှတ်တမ်း၊ အဖွဲ့ဝင်များနှင့် ဆက်နွယ်နေသော လုပ်ငန်း ကုမ္ပဏီတို့၏ အချက်အလက်တို့ကို ပူးတွဲတင်ပြရမည်ဟု IEC က ဆိုသည်။
ကုမ္ပဏီမှတ်ပုံတင်ကြေး ကျပ်သိန်း ၃၅၀,၀၀၀ ပေးဆောင်ကုန်ကျမည်ဖြစ်ကြောင်းလည်း IEC က ပြောဆိုထားသည်။
လုပ်ငန်းလိုင်စင်လျှောက်ထားမှုကို ၂၀၂၄ ခုနှစ် ဇွန်လက စတင်လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် New Seven Star ကုမ္ပဏီကို ကုမ္ပဏီမှတ်ပုံတင်ပေးပြီးဖြစ်သည်ဟု IEC က ပြောဆိုသည်။
ကုမ္ပဏီမှတ်ပုံတင်ပြီးသည့် New Seven Star ကုမ္ပဏီက လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသေးတာကြောင့် ယင်းကုမ္မဏီ၏ လုပ်ငန်းဆောင်ရွက်ချက်တို့ကိုတော့ မသိရသေးဟု IEC က ဆိုသည်။
လက်ရှိကာလသည် ပဋိပက္ခကာလလည်းဖြစ်တာကြောင့် လုပ်ငန်းရှင်များအနေနှင့် မဖြစ်မနေမှတ်ပုံတင်ရမည်ဆိုသည့် သတ်မှတ်ထားချက် မရှိသေးသော်လည်း အတူတကွလုပ်ဆောင်နိုင်ရန် စည်းရုံးရေး လုပ်ဆောင်သွားမည်ဟုလည်း IEC က ပြောဆိုထားသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။