FPNCC အဖွဲ့ဝင်အချို့နှင့် စစ်အုပ်စုတို့ ဆက်တိုက်တွေ့ဆုံနေ၊ တော်လှန်ရေးအပေါ် သက်ရောက်မှုရှိလာနိုင်

By MPM 18 ဩဂုတ်, 2026 👁 146

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် အချို့နှင့် စစ်အုပ်စုတို့အကြား နေပြည်တော်တွင် ဆက်တိုက်တွေ့ဆုံနေပြီး ငြိမ်ချမ်းရေးဆွေးနွေးမှုများရှိနေသလို နီပွန်ဖောင်ဒေရှင်း ဥက္ကဋ္ဌ နေပြည်တော်ကို ရောက်ရှိလာခြင်းကလည်း တော်လှန်ရေးအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်း အကဲခတ်များက သုံးသပ်နေကြသည်။

ပြီးခဲ့သည့် ဇွန်လက စစ်အုပ်စု၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်ကိုယ်တိုင် ရှမ်းပြည်မြောက်ပိုင်းကို သွားရောက်ကာ FPNCC အဖွဲ့ဝင်အချို့ကို စည်းရုံးခဲ့ပြီးနောက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ရှိလာနေခြင်းဖြစ်သည်။

လက်ရှိတွင် FPNCC အဖွဲ့များအထဲက “ဝ” တပ် (UWSA)၊ မိုင်းလားတပ် (NDAA)၊ တအာင်းတပ် (TNLA) နှင့် ရှမ်းတပ် (SSPP) တို့က ဇူလိုင်နှင့် ဩဂုတ်လအတွင်းမှာ နေပြည်တော်အထိ သွားရောက်ပြီး စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများရှိခဲ့ပြီး တစ်ဖွဲ့ချင်းစီ၏ လိုအင်ဆန္ဒများကိုလည်း စစ်အုပ်စုထံမှ တောင်းဆိုခဲ့ကြသည်။

ဦးမင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက် ပထမ ရက် ၁၀၀ စီမံကိန်းအဖြစ် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် တော်လှန်ရေးအင်အားစုများက စစ်အုပ်စု၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြပြီးနောက် ရှမ်းမြောက်ရှိ အပစ်ရပ် FPNCC အဖွဲ့ဝင်များကို စည်းရုံးကာ စစ်အုပ်စုက တွေ့ဆုံနေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုသည် ၎င်းတို့ တွေ့ဆုံနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များကို စစ်အုပ်စုအနေဖြင့် လိုက်လျော့ပြီး အခြားတစ်ဖက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများအပေါ် ဖိအားပေးလာနိုင်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“စစ်တပ်ဖက်ကလည်း တိုင်းရင်းသားတွေ တောင်းဆိုတဲ့ဟာကို မဖြစ်မနေ လိုက်လျော့ရလိမ့်မယ်။ ဒီအနေအထားမှာ အာဏာသိမ်းဖြစ်စဉ်ကြောင့် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတယ်။ အရင်က အာဏာသိမ်းခဲ့ပေမယ့် အခုတခါ လက်နက်ကိုင်တော်လှန်ရေးက ထိရောက်ခဲ့တယ်။ စစ်တပ်အဖို့ ပြတ်သလောက်နီးပါးဖြစ်သွားတယ်။ ဒါမျိုးကြောင့် တိုင်းရင်းသားတွေကိုတော့ ပထမအဆင့် အပစ်ရပ်ပြီးတော့ ဒီဖက်က နွေဦးတော်လှန်ရေးနဲ့ ကချင်၊ ချင်းပြည်ဖက်တွေကို တိုက်ပွဲတွေ ဖော်လာမယ့်အနေအထားမျိုး တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်အုပ်စုနှင့် တွေ့ဆုံထားသည့် UWSA၊ TNLA တို့သည် ၎င်းတို့ထိန်းချုပ်ဒေသများကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားသလို NDAA ကလည်း ၎င်းဒေသအား အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားသည်။

FPNCC အဖွဲ့တွင် လက်ရှိ စစ်အုပ်စုနှင့် တွေ့ဆုံထားသည့် ၄ ဖွဲ့အပြင် ကိုးကန့်တပ် (MNDAA)၊ အာရက္ခတပ်တော် (AA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ပါဝင်ပြီး AA နှင့် KIA တို့သည် စစ်အုပ်စုနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

တစ်ဖက်တွင် ဂျပန်အခြေစိုက် နီပွန်ဖောင်ဒေရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဩဂုတ် ၁၀ ရက်နေ့တွင် နေပြည်တော်၌ စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ဆာဆာကာဝါသည် ရောက်ရှိလာမှုမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများဟု ခေါင်းစဉ်တပ်ထားသော်လည်း AA ၊ KIA နှင့် စစ်တပ်တို့ကြား အပစ်ခတ်ရပ်စဲနိုင်ရေး ဆွေးနွေးမှုများရှိနိုင်သည်ဟု အကဲခတ်များက ဆိုကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက “ဆာဆာကာဝါနဲ့ AA က အရင်ကလည်း ဆက်ဆံရေးရှိတယ်။ အခုလည်း ရခိုင်မှာ သဘာဝဘေးဒဏ်ခံနေရတဲ့သူတွေ ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ထောက်ပံ့ကူညီတဲ့ နည်းလမ်းနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပြန်လုပ်လာနိုင်တာမျိုးတွေ ရှိနိုင်တယ်လို့ မှန်းလို့ရတယ်။ တွေ့တဲ့အခါမှာလည်း အပစ်ခတ်ရပ်စဲရေး ပြောဆိုတာမျိုးကတော့ မှန်းထားလို့ ရပါတယ်။ အဲတော့ AA၊ ကချင်တပ်တွေနဲ့ အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် သူ့အနေနဲ့ တိုက်တွန်းလိမ့်မယ်လို့ မျှော်မှန်းလို့ရတယ်” ဟု ပြောသည်။

မစ္စတာ ဆာဆာကာဝါသည် AA နှင့် စစ်တပ်တို့ကြား အပစ်ခတ်ရပ်စဲရန် ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး AA နှင့် စစ်တပ်တို့ကြား အပစ်ခတ်ရပ်စဲခဲ့ကြသည်။

လက်ရှိတွင် စစ်အုပ်စုသည် တွေ့ဆုံမှုများမှတစ်ဆင့် FPNCC အဖွဲ့ဝင်များအားလုံးကို အပစ်ခတ်ရပ်စဲရေးတွင် ပါဝင်လာနိုင်ရန် ကြိုးပမ်းလာနိုင်သည်ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆက်ပြောသည်။

“အခု FPNCC ခေါင်းစဉ်အောက်ကနေ တွေ့နေကြတဲ့ အုပ်စုတွေအနေနဲ့ကလည်း FPNCC တစ်ဖွဲ့လုံးအနေနဲ့ စေ့စပ်ရေးလမ်းကြောင်းကို သွားနိုင်ဖို့အတွက် ကြိုးစားမယ်လို့ မှန်းလို့ရတယ်။ အခုတွေ့နေတဲ့ ပုံစံမျိုးထဲမှာလည်း အဖွဲ့ဝင်တွေအစုံ ပါလာနိုင်ဖို့ကို ရည်ရွယ်ချက်ရှိကြလိမ့်မယ်လို့ မှန်းလို့ရတယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသည်။

စစ်အုပ်စုအနေဖြင့် FPNCC အဖွဲ့များ NCA လမ်းကြောင်းပေါ်ကို ရောက်ရှိလာစေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများကိုလည်း မြှင့်တင်လာနိုင်သည်ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် စစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံရေးဆွေးနွေးဖက်ဖြစ်သည့် 7 EAO Alliance အဖွဲ့ဝင်များနှင့်လည်း ဆက်တိုက်တွေ့ဆုံနေပြီး ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် ၎င်းအစိုးရအဖွဲ့၏ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ကြောင့် ပြသနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု အကဲခတ်များက ပြောဆိုကြသည်။

DMG