DMG သတင်းထောက်နှင့် ညစောင့်တို့ကို စစ်တွေထောင်သို့ ပြောင်းရွှေ့ပြီး ထပ်မံရုံးချိန်းခေါ်ဆိုထား

0
245
Photo – Social Media

Development Media Group (DMG) သတင်းဌာန၏ သတင်းထောက်ကိုထက်အောင်နှင့် ညစောင့် ကိုစိုးဝင်းအောင်တို့ကို ယခင်ထိန်းသိမ်းထားသည့် စစ်တွေအမှတ် (၁) ရဲစခန်းမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်သို့ လွှဲပြောင်းထိန်းသိမ်းလိုက်ပြီဟု ၎င်းတို့၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးကို ဒီဇင်ဘာလ ၈ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး လာမည့် ဒီဇင်ဘာလ ၂၂ ရက်သို့ ထပ်မံရုံးချိန်းလိုက်သည်ဟုလည်း ကိုထက်အောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ တရားလိုတွေကိုလည်း မစစ်သေးဘူး။ ဒီအတိုင်းပဲ ရုံးပြန်ချိန်းလိုက်တယ်။ အဲ့ဒါလောက်ပဲ။ တရားလိုတွေက ဘယ်သူလဲလို့လည်း မသိရသေးဘူး။ သူက ဓာတ်ပုံရိုက်လို့ ဖမ်းခံရတယ် အဲ့လောက်ပဲ၊ တရားလိုရောက် မရောက်ကိုလည်း မသိရဘူး။ မိသားစုတွေက အပြင်မှာနေရတာဆိုတော့ သေချာလည်း မသိရဘူး။ ရုံးပြန်ချိန်း တာလောက်ပဲ သိရတယ်” ဟု အဆိုပါမိသားစုဝင်က ပြောသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့် ပထမအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းထောက်ကိုထက်အောင်နှင့် ညစောင့် ကိုစိုးဝင်းအောင်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့် အမှုဖွင့်ထားပြီး မည်သည့်အတွက်ကြောင့် အမှုဖွင့်လှစ်ခြင်းကိုမူ မသိရသေးဟုလည်း မိသားစုဝင်များက ဆိုသည်။

DMG သတင်းထောက် ကိုထက်အောင်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့) နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဝင်္ကပါကွင်း၌ ပြုလုပ်သည့် ဆွမ်းတော်ကြီးလောင်းပွဲသို့ သတင်းဓာတ်ပုံ သွားရောက်ရိုက်ကူးစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ယင်းနောက် စစ်တွေမြို့ရှိ DMG ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အထူးရဲတပ်ဖွဲ့ (SP) အပါအဝင် အင်အားနှစ်ဆယ်ကျော်ခန့်က ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးရှိ ကင်မရာ၊ ကွန်ပျူတာနှင့် ရုံးဆက်စပ်ပစ္စည်းများကိုပါ သိမ်းယူခဲ့ပြီး ညစောင့်ဝန်ထမ်းဖြစ်သူ ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထိုအပြင် DMG ရုံးကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သွားခဲ့သည်ဟု ရုံးတာဝန်ရှိသူများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here