DMG သတင်းဌာနရုံးခန်း ဝင်ရောက်စီးနင်းခံရပြီးနောက် ရခိုင်မှသတင်းသမားများ၏လုံခြုံရေး စိုးရိမ်နေရ

0
271
ပုံစာ - သတင်းစာရှင်းလင်းပွဲတခုတွင် သတင်းယူနေကြသည့် သတင်းမီဒီယာသမားများ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာနရုံးခန်းကို အောက်တိုဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းထောက်တစ်ဦးနှင့် ညစောင့်တစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ရခိုင်မှသတင်းထောက်များ၏ လုံခြုံရေးမှာ အထူးစိုးရိမ်စရာဖြစ်လာကြောင်း ရခိုင်အခြေစိုက်သတင်းသမားများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် DMG ရုံးကို ဝင်ရောက်စီးနင်းပြီးနောက် ရုံးတွင်ရှိသည့် ကွန်ပျူတာ၊ ကင်မရာများနှင့် ဘဏ်စာအုပ်များကိုလည်း သိမ်းဆည်းသွားပြီး ရုံးကိုလည်းချိတ်ပိတ်ထားခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၂၉ ရက်နေ့ (သီတင်းကျွတ်လပြည့်) နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဝင်္က္ကပါကွင်း၌ ကျင်းပနေသည့် ဆွမ်းတော်ကြီးလောင်းလှူပွဲအား DMG သတင်းထောက်ကိုထက်အောင်က ကင်မရာဖြင့် သတင်းဓာတ်ပုံများ သွားရောက်ရိုက်ကူးချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းကို မသိရှိရသေးကြောင်း DMG မှ ထုတ်ပြန်ထားသည်။

ထိုသို့သတင်းသမားတစ်ဦး သတင်းယူနေချိန်အတွင်း ဖမ်းဆီးခံရခြင်းသည် ရခိုင်ပြည်နယ်မှ သတင်းထောက်များ အတွက် အလွန်အန္တရာယ်များသည့် အခြေအနေဟု ဆိုနိုင်ကြောင်း ရခိုင်အခြေစိုက် အမျိုးသား သတင်းထောက်တစ်ဦးက အခုလိုပြောသည်။

“သတင်းထောက်တွေအပေါ်မှာ စစ်ကောင်စီဘက်က ပစ်မှတ်ထား ဖမ်းလာတယ်လို့ ပြောလို့ရမယ်။ မနေ့ကဆိုရင် အခါကြီးနေ့ကြီး ဖြစ်တယ်။ နိုင်ငံရေးဆန္ဒပြပွဲတစ်ခုကို သွားတာမဟုတ်ဘူး။ ကုသိုလ်ပြုနေတဲ့ပွဲတစ်ခုကို သတင်းသွားယူတဲ့ အချိန်မှာ ဖမ်းဆီးတာကတော့ စစ်ကောင်စီဘက်က သတင်းထောက်တွေအပေါ် အများကြီး အငြိုးအတေးထားပြီး ပစ်မှတ်ထားနေတယ်လို့ သတိပြုလို့ရမယ်။ ဆိုတော့ ဒီလိုအခါကြီးနေ့ကြီးတွေမှာ သတင်းထောက်တွေကို ပစ်မှတ်ထားပြီး ဖမ်းဖို့ကြိုးစားနေတာက ရခိုင်မှာရှိတဲ့သတင်းထောက်တွေအနေနဲ့ အများကြီး အန္တရာယ်ရှိလာတဲ့အခြေအနေပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် သတင်းထောက်များကို အချိန်မရွေး၊ နေရာမရွေး ဖမ်းဆီးနိုင်ရန် ၎င်းတို့ဘက်မှ အဆင်သင့်ပြင်ဆင်ထားသည်ကို တွေ့မြင်ရပြီး ရခိုင်တွင်သတင်းထောက်လုပ်နေသည့် သတင်းသမားများအတွက် မြေပြင်ကွင်းဆင်းသတင်းယူရန် အန္တရာယ်အများဆုံး အခြေအနေဟုလည်း ၎င်းက သုံးသပ်သည်။

လက်ရှိအခြေအနေများအရ ရခိုင်အခြေစိုက် သတင်းထောက်တစ်ဦးအနေဖြင့် အပြင်ထွက်၍ သတင်းလုပ်ငန်း လုပ်ကိုင်ရန် စိုးရိမ်ရသည့်အခြေအနေဖြစ်နေပြီး မြေပြင်ကွင်းဆင်း၍ သတင်းရယူနိုင်မှုမှာ ယခင်ကထက် ခက်ခဲလာနိုင်ကြောင်း ရခိုင်အခြေစိုက် သတင်းထောက်အမျိုးသမီးတစ်ဦးက ပြောသည်။

“မြေပြင်ကိုကွင်းဆင်း သတင်းယူနေတာကနေ ဖမ်းသွားတာဆိုတော့ သတင်းထောက်တွေအနေနဲ့လည်း တခုခုဆို အပြင်သွားပြီး ချက်ချင်းသတင်းလိုက်တာတွေလုပ်ဖို့ စဉ်းစားချင့်ချိန်လာကြတော့မယ်ဆိုတော့ ကွင်းဆင်းတာက အရင်ကထက် နည်းလာမယ့် အခြေအနေမှာရှိတယ်။ တနေရာမှာ တခုခုဖြစ်နေရင် ချက်ချင်းကြီး ကောက်ကာငင်ကာ အရင်ကလိုသွားရမယ့် အနေအထားမှာ မရှိတော့ဘူး။ သူတို့(စကစ)ကလည်း အဲဒါကို လိုလားတာ။ သတင်းထောက်တွေအနေနဲ့ မြေပြင်ကိုကွင်းဆင်းပြီး ယူလိုက်တဲ့သတင်းက ပိုတိကျတယ်။ အခုကိုယ်တိုင်ကွင်းဆင်း သတင်းမယူနိုင်တော့တဲ့အခါ သတင်းမှန်ကန်မှုကလည်း လျော့နည်းသွားမယ်။ သူတို့(စကစ) ကလည်း သတင်းအမှန်တွေကို အမှောင်ချချင်တဲ့အခါ ဒီလိုမျိုးလုပ်လာတဲ့ အခြေအနေပါ” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကိုခံခဲ့ကြရပြီးနောက် လက်ရှိတွင် DMG သတင်းဌာနမှ သတင်းသမားများ သာမက တခြားသတင်းဌာနများမှ သတင်းသမားများမှာလည်း တိမ်းရှောင်နေကြရသည်ဟု သိရသည်။

DMG သတင်းဌာန တာဝန်ရှိသူတစ်ဦးက “ရခိုင်ပြည်မှာလည်း DMG ဆိုတာကလည်း သတင်းမှန်ကန်မှုအပေါ်မှာ အဓိက ဘက်ပေါင်းစုံက အသံအစုံနဲ့ လုပ်နေတဲ့သတင်းဌာန ဖြစ်တယ်။ အစိုးရဘက်က အသံလည်းပါအောင်၊ ဒီဘက်က အသံလည်းပါအောင် လုပ်နေတာကို ဒီလိုလုပ်တယ်ဆိုတာက မကောင်းဘူးပေါ့။ သူတို့ဟာ ပြည်သူတွေရဲ့ မျက်စိနဲ့နားကို အားလုံးပိတ်ပင်ရာ ရောက်တယ်။ ဆုံးရှုံးမှုတွေအများကြီးရှိတယ် DMG ဒီလို ဖြစ်သွားတယ် ဆိုတော့၊ နောက်ပိုင်းလည်း လုပ်ဖို့ကိုင်ဖို့ အခက်အခဲတွေ အများကြီးဖြစ်သွားတယ်။ ဒီဟာဟာ သတင်းလုပ်နေတဲ့ သတင်းလောကတစ်ခုလုံးကိုလည်း ဂယက်ရိုက်စေတယ်Ó ဟု ပြောဆိုသည်။

လက်ရှိတွင် ရခိုင်အခြေစိုက်သတင်းဌာနများသည် စစ်ကောင်စီ၏ မတရားသဖြင့် ပုဒ်မများတပ်ပြီး တရားစွဲဆိုမှုများကြောင့် ရုံးအထိုင်အတည်တကျ မရှိဘဲ တိမ်းရှောင်ကာ သတင်းလုပ်ငန်းများကို လုပ်ကိုင် နေကြရကြောင်းလည်း သတင်းသမားများက ပြောဆိုကြသည်။

စစ်ကောင်စီမှ DMG သတင်းထောက်တစ်ဦး သတင်းယူနေစဥ် ဖမ်းဆီးကာ ရုံးကိုတစ်ပါတည်း လမ်းညွှန် ခေါ်ဆောင်သွားပြီး ရုံးကို ဝင်စီးခြင်းကြောင့် ညစောင့်တစ်ဦးပါ ဖမ်းဆီးခံခဲ့ရသည့်အတွက်ကြောင့် ရခိုင်မှ သတင်းသမားများ၏ အခြေအနေမှာ ပို၍စိုးရိမ်စရာ ဖြစ်လာနေသည်ဟု ရခိုင်အခြေစိုက် သတင်းထောက်များက ပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here