DKBA က လူကုန်ကူးခံရသူ ၄၀၀ ကျော်ကို ရေရှည်လက်ခံထားရန် ခက်ခဲသဖြင့် အမြန်ဆုံးခေါ်ဆောင်ပေးရန် ပြောဆို

By MPM 6 မတ်, 2025 👁 8

ထိုင်း – မြန်မာနယ်စပ် DKBA နယ်မြေ၌ လူကုန်ကူးခံရမှုမှကယ်ထုတ်ထားသည့် လူပေါင်း ၄၄၃ ဦးအား ရေရှည်လက်ခံထားရန် ခက်ခဲသောကြောင့် သက်ဆိုင်ရာမှအမြန်ဆုံး ခေါ်ဆောင်ပေးကြရန် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA က မတ်လ ၅ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထပ်မံတိုက်တွန်း ပြောဆိုသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလပိုင်းက လူကုန်ကူးခံရသူ ၂၆၁ ဦးအား DKBA က ပထမအသုတ်အဖြစ် ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးလိုက်ပြီးနောက် ရှင်းလင်းရေးဆက်လက်လုပ်ဆောင်ခဲ့ပြီး မတ်လ ၅ ရက်နေ့အထိ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ နောက်ထပ်လူပေါင်း ၄၄၃ ဦးအား ထပ်မံကယ်ထုတ်လက်ခံထားသည်ဟု ဆိုသည်။

ထိုလူ ၄၀၀ ကျော်ကို ထိုင်းဘက်က လွှဲပြောင်းယူရန် လက်မခံသေးသလို စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးမှတဆင့် အပ်နှံရာ၌လည်း အဆင်မပြေသောကြောင့် ၎င်းတို့ကို ရေရှည်လက်ခံထားရေးမှာ အခက်အခဲရှိနေပြီး သက်ဆိုင်ရာက အမြန်ဆုံးခေါ်ဆောင်ကြရန် DKBA စစ်ဦးစီးချုပ်အရာရှိ ဗိုလ်ချုပ်စောဆန်းအောင်က သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။

“ကိုယ့်နည်းကိုယ်ဟန်နဲ့ ပြန်ခေါ်ကြရင်တော့ပို မြန်တာပေါ့။ ထိုင်းကိုပြန်ပို့တော့ ထိုင်းကလက်မခံ၊ စစ်အစိုးရကလည်း ဥပဒေအရ လဝကကနေအပ်ဆိုတော့ အခုဒီလိုပြောတာလည်း နေပြည်တော်မှာနေတဲ့လူတွေက ကျနော်တို့ကို စကားနားမထောင်ဘူးဆိုပြီး လေယာဥ်ပျံနဲ့လာပစ်မှာလည်း ကြောက်တယ်။ ဒါပေမဲ့ ဒီလူတွေကို လာမခေါ်ဘူးဆိုရင်တော့ ကျွေးစရာ ဆန်လည်းမရှိ၊ ဝယ်ရတာလည်းမလွယ်တော့ လက်ခံထားလို့ မလွယ်တော့ဘူး” ဟု ဗိုလ်ချုပ်စောဆန်းအောင်က ပြောသည်။

ထိုင်းနိုင်ငံဘက်ကလည်း ကျားဖြန့်နှင့် လူကုန်ကူးခံရမှုကိစ္စများဖြင့် မြဝတီမြို့အပါအဝင် မြန်မာဘက်က ၅ နေရာကို လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီ စီးဆင်းမှုဖြတ်တောက်ပြီး ဖိအားပေးခဲ့ခြင်းကြောင့် DKBA အပါအဝင် နယ်ခြားစောင့်တပ် – BGF တို့က ကျားဖြန့်ရှင်းလင်းရေးများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

DKBA အနေဖြင့်လည်း လာမည့် ၃ လအတွင်း ၎င်းတို့နယ်မြေ၌ ကျားဖြန့်ကင်းစင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ တတိယအပတ်က ဖြေကြားပြောဆိုထားသည်။

DKBA ကယ်ထုတ်ထားသည့် လူကုန်ကူးခံရသူများကို ပြန်လည်လွှဲပြောင်းရာတွင် ထိုင်းနိုင်ငံဘက်က ကျောက်ခတ်လမ်းကြောင်းမှတဆင့်အပ်ရန် အချင်းချင်းပြောဆိုမှုရှိထားပြီး စစ်ကောင်စီဘက်ကလည်း မြဝတီဘက်မှ လူဝင်မှုကြီးကြပ်ရေးမှတဆင့်အပ်ရေး DKBA ကို ဖိအားပေးမှုရှိသည်ဟု သိရသည်။

ထို့အပြင် မြဝတီဒေသကို ထိုင်းနိုင်ငံက ဖြတ်တောက်ပိတ်ဆို့မှု လုပ်ဆောင်လာသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်သောကြောင့် လူကုန်ကူးခံရသူများကို လက်ခံထားသည့် DKBA အပါအဝင် BGF ဘက်၌လည်း လူအများ စားသောက်နေထိုင်ရေး ရေရှည်လက်ခံဖြေရှင်းပေးရန် အခက်အခဲရှိနေသည်ဟု တာဝန်ရှိသူတို့က ပြောဆိုသည်။

BGF အနေဖြင့် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ လွှဲပြောင်းပေးရမည့် နိုင်ငံခြားသား ၇၀၀၀ ကျော် ရှိနေသည့်အနက် မတ်လ ၅ ရက်နေ့အထိ စုစုပေါင်း ၇၅၇ ဦးအား လွှဲပြောင်းပေးလိုက်ပြီးဖြစ်ကြောင်း သိရသည်။

မတ်လ ၆ ရက်နေ့တွင်လည်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ လူကုန်ကူးခံရသူ ၄၅၆ ဦးအား ထပ်မံလွှဲပြောင်းရန်ရှိသည်ဟု အဖွဲ့တာဝန်ရှိ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောဆိုသည်။

ထို့အတူ မတ်လ (၇) ရက်နေ့မှ (၉) ရက်အတွင်း လူကုန်ကူးခံရသူများကို ထိုင်းနိုင်ငံမှတဆင့် ဆက်တိုက် လွှဲပြောင်းပေးသွားဦးမည်ဖြစ်ပြီး ကျန်ရှိနေသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံတို့မှ အမြန်ခေါ်ယူကြရန်လည်း BGF က အသိပေးထားသည်။

KIC ပေးပို့သည်။