ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမပြည့်စုံသော မြန်မာနိုင်ငံသားများအတွက် သက်သေခံစာအုပ် ထုတ်ပေးနေသည့် CI (Certificate of Identity) စင်တာများကို ဇူလိုင်လ ၇ ရက်နေ့တွင် နောက်ဆုံးထား ဖွင့်လှစ်ဆောင်ရွက်မည်ဟု ထိုင်းအစိုးရက ကြေညာပြောဆိုထားကြောင်း စာအုပ်ဝန်ဆောင်မှုပေးနေသူတို့က ပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ထိုင်းနိုင်ငံအလယ်ပိုင်း မဟာချိုင်နှင့် စမုပရာကန်၊ ထိုင်းအရှေ့ပိုင်းရှိ ချွန်ဘူရီ၊ ထိုင်းတောင်ပိုင်းရှိ စုရပ်ဌာနီနှင့် ဖူခက် အစရှိသည့်မြို့များမှ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးနေသည့် CI စင်တာ ၆ ခုကို ပိတ်သိမ်းသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားခြင်းဖြစ်သည်။
ယခုကာလအတွင်း အထောက်အထားမဲ့ အလုပ်သမားများကို ထိုင်းအစိုးဘက်က ဆက်တိုက်ဖမ်းဆီးမှု လုပ်ဆောင်နေခြင်းကြောင့် CI စာအုပ် မရှိသူများနှင့် ပတ်စပို့မရှိသူများ အခက်တွေ့နိုင်သည်ဟု မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများက ပြောဆိုသည်။
“နောက်နှစ် ၂ လပိုင်း ၁၃ ရက်နေ့ကြရင် စာအုပ်သက်တမ်းတိုးချိန်တွေမှာ CI တို့ မရှိရင် ခက်နိုင်တယ်။ ကျန်နေတဲ့ သူတွေက အများကြီးပေါ့။ လာလုပ်တဲ့သူတွေ နည်းနေတော့ သူတို့ကကုန်ပြီးထင်တာ။ အစက ၁၀ လပိုင်း (စက်တင်ဘာလ) အထိ လုပ်ပေးမယ်လို့ ပြောထားတယ်၊ သူတို့လည်း အချိန်ပေးထားတာ အကြာကြီးပဲဆိုတော့ ဒီတစ်ပတ်နောက်ဆုံးပဲ” ဟု မြန်မာအလုပ်သမားအရေး ကူညီပေးနေသူက ပြောသည်။
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများသည် ထိုင်းအစိုးရက သတ်မှတ်ထားသည့်ကာလအတွင်း ပန်းရောင်ကတ်ခေါ် (pink card) ကို ပြုလုပ်ရမည်ဖြစ်ပြီး ထိုကတ်ရရှိပြီးပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI ) စာအုပ်အစိမ်းကို ပြုလုပ်ရမည်ဟု သိရသည်။
ထို့ကြောင့် ယခုဇူလိုင်လအတွင်း ပန်းရောင်ကတ် လုပ်ဆောင်ပေးရန်ရှိသည်ဟု ထိုင်းအာဏာပိုင်တို့မှ ပြောဆိုလာခြင်းကြောင့် ရုံးမပိတ်ခင်ရက်ပိုင်းအတွင်း CI စာအုပ် လာရောက်လုပ်ဆောင်ရန်လည်း စာအုပ်ဝန်ဆောင်မှု လုပ်ဆောင်ပေးနေသူများက တိုက်တွန်းထားသည်။
ယခင်က CI စာအုပ်ထုတ်ပေးရေး စင်တာများကို အောက်တိုဘာလကုန်အထိ ဆောင်ရွက်ပေးသွားမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော်လည်း မြန်မာစစ်ကောင်စီဘက်က ပိတ်သိမ်းရန် တောင်းဆိုထားမှုကြောင့် ထိုင်းအစိုးရက ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင် ထိုသို့ကြေညာပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။
CI စာအုပ်တစ်အုပ်၏ သက်တမ်းသည် ၄ နှစ်ရှိပြီး စာအုပ်သက်တမ်းတိုးခြင်း၊ စာအုပ်အသစ် ပြုလုပ်ခြင်း လုပ်ဆောင်ရာတွင် ပွဲစားတို့ထံ ဘတ်ငွေသောင်းဂဏန်းအထိ ပေးဆောင်နေရသည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားစုစုပေါင်း ၂ သန်း ၃ သိန်းကျော်ရှိပြီး အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂ သန်းကျော်ခန့်ရှိမည်ဟု အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများက ပြောဆိုသည်။
IMNA ပေးပို့သည်။