CDM ကျောင်းဆရာအပါအဝင် ၃ ဦးကို စစ်ကောင်စီစစ်ခုံရုံးမှ တစ်သက်တစ်ကျွန်းထောင်ဒဏ်ချ

0
338

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ကောင်စီစစ်ခုံရုံးမှ CDM ကျောင်းဆရာ တစ်ဦး အပါအဝင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသာတစ်ဦးတို့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း Indaw Revolution-IR မှ တာဝန်ရှိသူက ပြောဆိုသည်။

Indaw Revolution-IR မှ တာဝန်ရှိသူက “အားလုံးက သာမန်အရပ်သားပြည်သူတွေပါပဲ။ ကျောင်းဆရာတစ်ဦး CDM လုပ်ထားတာ ကြာပြီ။ ကျောင်းဆရာကိုတော့ အိမ်မှာ ဖမ်းမိတာ။ အမျိုးသမီးကတော့ ဂိတ်မှာ ဖုန်းထဲ ဘာတွေ့လို့လည်း မသိဘူး။ ဖမ်းသွားတာလို့ ပြောတယ်” ဟု ဆိုသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် အလယ်တန်းပြ CDM ကျောင်းဆရာမှာ ဦးဟိဏ်းမင်းသူ (ခ) ကိုအာနိုးဆိုသူ ဖြစ်ပြီး ယခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ရေနားတန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးသမီးတစ်ဦးဖြစ်သည့် မဂျုံးဂျုံးကျော်ဇင်ကို အင်းတော်မြို့အဝင် စစ်ကောင်စီဂိတ်တွင် ဩဂုတ်လ ၁၁ ရက်နေ့က စစ်ကောင်စိတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထို့အပြင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံလိုက်ရသူ ကိုဇော်မြင့်ထွန်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး နောက် ပုဒ်မ ၃ ခုတပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

CDM ဆရာ ဦးဟိဏ်းမင်းသူနှင့် ကိုဇော်မြင့်ထွန်းတို့ကို စစ်ကောင်စီစစ်ခုံရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒပုဒ်မများ ဖြစ်သည့် ၅၀-ည၊ ၅၂-က နှင့် ၅၂-ခ တို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီး၊ မဂျုံးဂျုံးကျော်ဇင်အား ပုဒ်မ ၅၂-က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြကြောင်း Indaw Revolution-IR မှ တာဝန်ရှိသူက ပြောဆိုသည်။

၎င်းတို့နှင့်နီးစပ်သူ မိတ်ဆွေတစ်ဦးက “ ဒီလူတော့ သာမန်ပြည်သူတွေပါ။ သူတို့က အကြမ်းဖက်ပုဒ်မကြီးတွေနဲ့ တရားစွဲပြီး စစ်ခုံရုံးက ချလိုက်တာဆိုတော့ ကျနော်တို့က ဘာမှ လုပ်လို့ရမဘူး။ ကျနော့်သူငယ်ချင်း ကိုဟိဏ်းမင်းဆို ရိုးရိုးကျောင်းဆရာပါဗျာ” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် စစ်ကိုင်းတိုင်းထဲက မြို့နယ်လေးခုဖြစ်သော ပုလဲမြို့၊ ရွှေဘိုမြို့နယ်၊ ဗန်းမောက်နှင့် အင်းတော်မြို့တို့မှ ဒေသခံအမျိုးသား ၆ ဦး ကို စစ်ကောင်စီစစ်ခုံရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ စစ်ခုံရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရသူ များမှာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲက ကိုဇေယျာမျိုးနှင့် ကိုသန်းဇော်လင်း၊ ရွှေဘိုမြို့နယ်က ကိုမင်းခန့်ကျော်၊ ဗန်းမောက်မြို့နယ်က ကိုသန်းနိုင်ဦး၊ အင်းတော်မြို့နယ်က CDM ကျောင်းဆရာ ဦးဟိဏ်းမင်းသူနှင့် ကိုဇော်မြင့် ထွန်းတို့ ဖြစ်သည်။

ထို့အပြင် အင်းတော်မြို့နယ်သည်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုက်ရိုက်စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ဒေသဖြစ်သလို စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ပြည်သူ ၄ ဦး ကိုလည်း ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခဲ့သေးသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here