ချင်းပြည်နယ်၊ ချင်းတော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် မတူပီမြို့အခြေစိုက် CDF – မတူပီတပ်ဖွဲ့သည် ချင်းလဲန်းကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့တွင် ပူးပေါင်းပါဝင်ရန် သဘောထားကွဲလွဲပြီးနောက် တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူဆလိုင်းနိုင်ဂျွန်က “ဒီချင်းနိုင်ငံရေးမှာ ICNCC တို့ ချင်းလဲန်းကောင်စီတို့ ဖြစ်လာတဲ့ အခါ အဓိကတပ်မဟာ – ၂ ကတော့ ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့အဖွဲ့ ဖြစ်တယ်။ တပ်မဟာ – ၁ ကတော့ ချင်းလဲန်းကောင်စီမှာ မပါဝင်ချင်သေးတဲ့အခြေအနေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ တပ်မဟာ ၁ နဲ့ ၂ ရယ်လို့ လုပ်ထား တာပါ။ ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့အဖွဲ့ကနေပြီးတော့ ကော်မတီမှာပါဝင်ဖို့ဆိုရင် လုံးဝ အကုန်လုံး ပါဝင်လို့ ရတယ်။ ချင်းလဲန်းကောင်စီရဲ့လိုအပ်ချက် ကော်မတီပိုင်းဆိုင်ရာမှာလည်း အကုန်လုံးပါဝင်ခွင့် ရှိမယ်” ဟု ပြောသည်။
မတူပီမြို့နယ်အတွင်းမှ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့များ၊ တော်လှန်ရေး အင်အားစုများ အပါအဝင် တပ်ရင်း အသီးသီးမှတပ်မှူးများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ၏ တတိယ အကြိမ်မြောက် ညီလာခံအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက် မှ ၂၅ ရက် အထိ ကျင်းပခဲ့ပြီးနောက် CDF-Matupi ကို တပ်မဟာ (၁) နှင့် (၂) အဖြစ် ခွဲခြားပြီး ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
CDF-Matupi တပ်မဟာ – (၁) တွင် တပ်ရင်း – ၁ နှင့် တပ်ရင်း – ၅ တို့ ရှိနေမည်ဖြစ်ပြီး၊ တပ်မဟာ – (၂) တွင် တပ်ရင်း – ၂၊ တပ်ရင်း – ၃၊ တပ်ရင်း – ၄ နှင့် လက်ရှိ ညီလာခံမှထပ်မံအတည်ပြုထားသည့် တပ်ရင်းအသစ်ဖြစ်သည့် တပ်ရင်း – ၆ တို့ ပါဝင်ကြောင်း သိရသည်။
CDF – မတူပီ၏ တပ်မဟာ – (၁) သည် လတ်တလောတွင် ချင်းလဲန်းကောင်စီကို စောင့်ကြည့်နေသော အနေအထားတွင်ရှိပြီး မပါဝင်ချင်သေးသည့် မတူပီတော်လှန်ရေး အစုအဖွဲ့ဖြစ်ပြီး ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နိုင်ငံရေးအစုအဖွဲ့ဘက်ကို အားသာနေကြောင်း သိရသည်။
“အဓိက က နိုင်ငံရေးပိုင်းဆိုင်ရာမှာပဲ နည်းနည်း အကွဲအပြဲ ရှိတာပါ။ ကျနော်တို့က နိုင်ငံရေးမှာပဲ ဒီလိုဖြစ်သွားတာပါ၊ ကျန်တဲ့စစ်ရေးအပိုင်းမှာတော့ ပုံမှန်အတိုင်းပဲ သွားမှာပါ။ ဒီတပ်မဟာ ၂ ခုကို ပြန်ပြီးတော့ ဒီတပ်မဟာ ၂ ခုရဲ့ အထက်မှာ ဘယ်လိုမျိုးဖွဲ့စည်းမလဲ ၊ ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်အောင်တော့ ကြိုးစားသွားမှာပါ” ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
CDF – မတူပီကို တပ်မဟာ (၁) နှင့် (၂) အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သော်လည်း ပူးပေါင်းဆောင်ရွက်မှု အားကောင်း စေရန် ယင်းတပ်မဟာ ၂ ခု၏ အထက်တွင် အစုအဖွဲ့တစ်ခု ထပ်မံဖွဲ့စည်းပြီး ဆောင်ရွက်ရန် အစီအစဉ်ရှိထားကာ လတ်တလောတွင် မဆွေးနွေးရသေးကြောင်း ၎င်းက ပြောပါသည်။
ချင်းလဲန်းကောင်စီတွင် ပါဝင်မည့် တပ်မဟာ – ၂ အနေဖြင့်လည်း ယင်းကောင်စီကို ရာနှုန်းပြည့်ထောက်ခံပြီး ဝင်ရောက်ပူးပေါင်းခြင်း မဟုတ်ဘဲ လုံးဝမကြိုက်သော မူဝါဒများဖြစ်လာလျှင် နောက်ပြန်လှည့်နိုင်မည့် အနေအထားမျိုး ဆွေးနွေးမှုများ ရှိထားကြောင်း ဆလိုင်းနိုင်ဂျွန်က ဆက်ပြောသည်။
CDF – မတူပီကို ပြိုကွဲပြီဟူ၍ ပြည်သူတချို့ ထင်မြင်နေမှုများသည် လုံးဝ မဟုတ်မှန်ကြောင်း၊ အရင်ကထက် ကျစ်လစ်အောင် ကြိုးစားတည်ဆောက်သွားမည်ဖြစ်ပြီး စစ်ရေအရှိန် မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
KMG ပေးပို့သည်။