CC နှင့် ICNCC တို့ကြား ချင်းအမျိုးသားညီညွတ်ရေးသဘောတူညီချက်ရရှိခြင်းကို NUG ဂုဏ်ပြုကြိုဆို

By MPM 27 ဖေ‌ဖော်ဝါရီ, 2025 👁 4

ချင်းတော်လှန်ရေးအင်အားစု ၂ ခု ဖြစ်သည့် ချင်းလဲန်းကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) တို့ ချင်းအင်အားစုများ ပြန်လည်ပေါင်းစည်းရန် ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီ ချက်များရရှိခဲ့ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ကြိုဆိုဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒို အောမ်မာ ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ချင်းအင်အားစုများ ပြန်လည်ပေါင်းစည်းရန် သဘောတူညီချက်ရရှိခြင်း ဖြစ်သည်။

ချင်းအမျိုးသား နိုင်ငံရေးဦးဆောင်အဖွဲ့များဖြစ်သည့် CC နှင့် ICNCC တို့အကြား သဘောတူညီချက်များ ရယူနိုင် ခဲ့ပြီး ချင်းပြည်သူတရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုမည့် “ချင်းအမျိုးသားကောင်စီ” ဟူသော ကောင်စီတရပ် တည်ထောင်ရန် သဘောတူညီမှုရရှိခဲ့ခြင်းအပေါ် NUG အစိုးရက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြု ပါကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ချင်းအမျိုးသားဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီခြင်းမှာ ချင်းအမျိုးသားတရပ်လုံးနှင့် အနာဂတ်ပြည်ထောင်စုအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်ဟု NUG အစိုးရက ဆိုပါသည်။

ချင်းနှစ်ဖွဲ့အကြား အယူအဆ၊ သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ခြင်းသည် ချင်းနိုင်ငံရေးဦးဆောင် ၂ ဖွဲ့၏ နိုင်ငံရေးသဘောထားကြီးမှုကို နွေဦးတော်လှန်ရေး အင်အားစုများအတွက် ဒီမိုကရေစီ အလေ့အကျင့်ကောင်းအဖြစ် စံပြုထိုက်ဖွယ်ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုများအကြား၊ လူမျိုးစုများအကြား နားလည်ယုံကြည်မှု၊ သဘောထားကြီးမှုနဲ့ စုစည်းညီညွတ်မှုများ ခိုင်မာစွာ တည်ရှိနေရန်လိုအပ်သည်ဟု NUG က သတိပေးပြောဆိုသည်။

ချင်းပြည်သူများအတွက် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကွဲပြားစုံလင်မှု စသည့်တို့ကို အခြေခံသည့် ချင်းအမျိုးသားဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်သည့်တိုင်အောင် အတူတကွချီတက်ကြမည်ဟု NUG အစိုးရ ထုတ်ပြန်ပြောထားသည်။

နွေဦးတော်လှန်ရေးတွင် ခုခံတော်လှန်စစ်အားကောင်းခဲ့သော ချင်းပြည်တွင် နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ချင်းအမျိုးသားတပ်ဦး CNF ဦးဆောင်သော ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ ပါဝင်သော ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီဟူ၍ ၂၀၂၃ ခုနှစ်က ကွဲသွားခဲ့သည်။

ချင်းတော်လှန်ရေးတွင် နှစ်ခြမ်းကွဲမှုကြောင့် အချင်းချင်းကြား စစ်ရေးပွတ်တိုက်မှုများရှိနေသည့်အပြင် ချင်းပြည် တော်လှန်ရေးသည် အောင်မြင်သင့်သလောက်မအောင်မြင်ဘဲ အဟန့်အတားများ ဖြစ်စေခဲ့သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

KMG ပေးပို့သည်။