BPLA အညာဒေသတွင် အခြေချမည်ဟု ထုတ်ဖော်ပြောဆို

By MPM 29 အောက်တိုဘာ, 2024 👁

တိုင်းရင်းသားနယ်စပ်ဒေသများနှင့် “၁၀၂၇ စစ်ဆင်ရေး” တွင် ညီနောင်မဟာမိတ်တပ်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က အညာဒေသကို အခြေချတော့မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် ၎င်းတို့၏တာဝန်ခံဖြစ်သူ မောင်ဆောင်းခက ထုတ်ဖော်ပြောဆိုလာသည်။

“ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ် ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကိုကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု အောက်တိုဘာ ၂၈ ရက်နေ့တွင် မောင်ဆောင်းခက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

အညာဒေသကိုရောက်လာမည့် BPLA သည် NUG လက်အောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့များအပါအဝင် တခြား NUG လက်အောက်တွင် မရှိသော တပ်ဖွဲ့များနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်သွားမည်ဟုလည်း အသိပေးထားသည်။

BPLA သည် မြောက်ပိုင်းညီနောင်မဟာမိတ်များနှင့်အတူ ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးမြို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့၊ ကွန်းလုံမြို့သိမ်းတိုက်ပွဲများအပါအဝင် မြို့သိမ်းတိုက်ပွဲများစွာတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒစက) လောက်ကိုင်နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) များ သိမ်းပိုက်သည့် စစ်ဆင်ရေးများတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့သည့်တပ်ဖွဲ့လည်း ဖြစ်သည်။

ထိုင်း – မြန်မာနယ်စပ်တွင် စတင်အခြေစိုက်သည့် BPLA သည် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် တည်ထောင်ခြင်း သက်တမ်း (၃) နှစ် ရှိလာပြီးနောက် မကြာမီ အညာဒေသတွင် အခြေချတော့မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

BPLA သည် ကရင်ပြည်နယ်တွင် ၁၀၇ စစ်ဒေသ၊ ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၃ စစ်ဒေသဖြင့် ဖွဲ့စည်းထားပြီး အညာဒေသအတွက် စစ်ဒေသတစ်ခု ထပ်မံဖွဲ့စည်းသွားမည်ဟု ဆိုသည်။

BPLA အခြေချမည့် အညာဒေသတွင် NUG လက်အောက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များ၊ NUG လက်အောက်တွင်မရှိဘဲ သီးခြားလှုပ်ရှားနေသည့် PDF တပ်ဖွဲ့များရှိသည့်အပြင် စစ်ကောင်စီတပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် သုံးခုလည်း တည်ရှိနေသည်။

ရှမ်းနီအသံ ပေးပို့သည်။