ABSDF ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် ညီလာခံဖွင့်ပွဲသို့ KNU ခေါင်းဆောင်တချို့တက်ရောက်

0
584

ကျောင်းသားတပ်မတော် (ABSDF) တည်ထောင်ခြင်း ၃၅ နှစ် ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် ၁၂ ကြိမ်မြောက် ညီလာခံဖွင့်ပွဲကို အွန်လိုင်းအစီအစဥ်ဖြင့် နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ အထွေအထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနှင့် ဗဟိုအမြဲတမ်း ကော်မတီဝင် ပဒိုစောသမိန်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ABSDF ၏ ၃၅ နှစ် တိုင်တိုင် ဖြတ်သန်းခဲ့ရသည့် ခံယူချက်ပြည့်ဝမှု၊ တော်လှန်စိတ်ထားဖြင် ရဲရင့်မှု၊ ပေးဆပ်အနစ်နာခံမှုများသည် ယနေ့ကျရောက်သည့် မွေးနေ့နှစ်ပတ်လည်နှင့် ၁၂ ကြိမ်မြောက် ညီလာခံနှင့်အတူ ရှေ့ဆက်တိုက်ပွဲဝင်ရန် ခွန်အားယူရမည့် ဖြတ်သန်းမှုများဖြစ်ကြောင်း KNU ကိုယ်စား ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ပဒိုစောလှထွန်းက ယခုလိုပြောသည်။

“ABSDF က ၃၅ နှစ်တိုင် အသက်သွေး၊ ချွေး၊ ခန္ဓာတွေ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို အလေးပြု မှတ်တမ်း တင်ပါတယ်။ ABSDF ဟာ ရှေ့ဆက် တည်ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးပါတဲ့ နွေဦးတော်လှန်ရေး ဖြစ်တည်မှုကို ဦးဆောင်ပေးတဲ့ မော်ကွန်းတင်အဖွဲ့အစည်းတစ်ခုပါ။ ၈၈ မျိုးဆက်က တွန်းလှန်မှုတွေဟာ အခုအချိန်မှာ အတုယူနေရတာဖြစ်တယ်။ ဒီညီလာခံကနေ မှန်ကန် ကောင်းမွန်တဲ့ ခေါင်းဆောင်ကြီးများ ရွေးချယ်နိုင်ပြီးတော့ ရှေ့ဆက် ကျနော်တို့ အာဏာရှင် ချုပ်ငြိမ်းရေး အတူတကွ တိုက်ပွဲဝင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်” ဟု ၎င်းက အခမ်းအနားတွင် ပြောဆိုသည်။

ထို့အပြင် ABSDF အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် လက်ရှိရှုပ်ထွေးနေသော နိုင်ငံရေးအား သိမ်မွေ့စွာ စဥ်းစားတွေးခေါ်ရန်နှင့် ပြတ်သားမှုရှိရန် လိုအပ်သလို ရန်သူစစ်အုပ်စု၏ သပ်လျှိုဖြိုခွဲမှုကို သတိထား ရမည်ဟုလည်း ပဒိုစောသမိန်ထွန်းက အမှာစကားပြောကြားရာတွင် ယခုလိုထည့်သွင်း ပြောဆိုသည်။

“ABSDF ကတော့ ကျနော်တို့နဲ့တောက်လျှောက် လက်တွဲလာတဲ့ သံမဏိစိတ်ဓာတ်ပိုင်ရှင်တွေပဲ ဒီစိတ်ဓာတ်က နွေဦးတော်လှန်ရေးမှာ တွန်းအား ဖြစ်စေတယ်။ တစ်ခုက ရန်သူဟာ အင်မတန် ကောက်ကျစ်တယ်။ သပ်လျှို ဖြိုခွဲတတ်တယ် နည်းပရိယာယ်က အရမ်းသိမ်မွေ့တယ်ဆိုတာ သတိထားရမယ်။ ဒီကနေ့မှာ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ ကျနော်တို့ ရန်သူကိုနည်းအောင် လုပ်ရမယ်၊ ကျယ်ပြန့်တဲ့ တော်လှန်ရေးအင်အားစုတွေ ဖွဲ့ရမယ်။ မြောက်ပိုင်းဒေသက လှုပ်ရှားမှုကနေ တပြည်လုံးကို ဆက်သွယ်သွားအောင် လုပ်ဖို့အရေးကြီးတယ်” ဟု ပဒိုစောသမိန်ထွန်းက အမှာစကားပြောဆိုသည်။

ယနေ့ပြုလုပ်ကျင်းပသည့် အဆိုပါအခမ်းအနားတွင် ABSDF ၏ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီးနောက် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH ၏ ဥက္ကဌ ဦးအောင်ကြည်ညွှန့်၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC မှ ဥက္ကဌ ခွန်မြင့်ထွန်းနှင့် နိုင်ငံရေး အကျဥ်းသားများ စောင့်ရှောက်ရေးအသင်းတို့မှ ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားခဲ့သည်။

ထို့နောက် ABSDF မှ တာဝန်ရှိသူများက နှစ်ပတ်လည်နေ့နှင့် ညီလာခံဖွင့်ပွဲသို့ ပေးပို့လာသော အဖွဲ့အစည်း အသီးသီး၏ သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ တက်ရောက်လာသူများအား ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ အပါအဝင် ၈၈ ကျောင်းသားမျိုးဆက်များ၊ ကျောင်းသားဟောင်းများ၊ မီဒီယာများ၊ ABSDF ၏ တာဝန်ရှိသူများနှင့် ရဲဘော်များအပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း လူပရိတ်သတ် ၉၀ ဦးထက်မနည်း တက်ရောက်ဂုဏ်ပြုခဲ့ကြသလို ယနေ့ နေလည်ပိုင်းတွင်လည်း ၁၂ ကြိမ်မြောက်ညီလာခံအား ဆက်လက်ကျင်းပလျက် ရှိသည်။

ABSDF ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ စစ်တပ်ကို ဆန့်ကျင်တော်လှန်ကြသော ကျောင်းသားမျိုးဆက်များဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ စစ်အစိုးရ၏ မတရားအသင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ယင်းနောက်၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခံရပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ နိုင်ငံအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်ကောင်စီမှ အာဏာထပ်မံသိမ်းယူခဲ့ပြီးနောက် စစ်တပ်နှင့် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်ခြင်း မရှိတော့ဘဲ NCA ပျက်ပြယ်ကြောင်း ထုတ်ပြန် ကြေညာ၍ လက်ရှိအချိန်ထိ အာဏာရှင်ချုပ်ငြိမ်းရေးအတွက် KNU နှင့် ပူးပေါင်းတိုက်ပွဲဝင်လျက် ရှိသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here