အာရက္ခတပ်တော် (AA) ဝင်ရောက်လာမည်ကိုစိုးရိမ်ပြီး စစ်ကောင်စီတပ်များက ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းအစပ် ရခိုင်ရိုးမခြေရင်း ကြိုးဝိုင်းသစ်တောများတွင် တပ်စွဲနေရာယူထားကြပြီး အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများကို အတင်းအကြပ် ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမခြေရင်းတွင်ရှိသော ကြက်ပေါင်သစ်တောကြိုးဝိုင်း၊ ဘိုးတော်သစ်တောကြိုးဝိုင်းနှင့် စက်စာရံတောတို့တွင် စစ်ကောင်စီစစ်ကြောင်းများသည် နိုဝင်ဘာလအတွင်း ဝင်ရောက်တပ်စွဲထားသည်ဟု ဆိုသည်။
အလားတူ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ရခိုင်ရိုးမနှင့် အစပ်နေရာဖြစ်သော ကွင်းချောင်းသစ်တောကြိုးဝိုင်းတွင်လည်း စစ်ကောင်စီက တပ်စွဲထားကြောင်း ရေကြည်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရခိုင်ရိုးမနဲ့ ရေကြည်မြို့နယ်စပ်က ကြက်ပေါင်နဲ့ စက်စာရံဆိုတဲ့တောတွေမှာ စစ်တပ်ကတပ်စွဲပြီး စစ်ကြောင်းတွေ ရိုးမတွေပေါ် တပ်ဖြန့်နေတယ်။ ဘိုးတော်ကြိုးဝိုင်းဘက်တွေမှာရော ရိုးမခြေရင်းက ဂွနဲ့ ဧရာဝတီကြားထဲမှာ ရိုးမတောတွေမှာချထားတာ။ ချောပြာရွာနဲ့ သာပေါင်းက ရွာတချို့မှာ ပြည်သူ့စစ်တွေက ခေါင်းဆောင်ပြီး ကင်းတွေစောင့်ခိုင်းထားတယ်။ AA ဝင်လာမှာတအားကြောက်နေပြီ” ဟု ၎င်းကပြောသည်။
ယင်းအပြင် ဧရာဝတီတိုင်းနှင့် ရခိုင်နယ်စပ်ရှိ ရခိုင်ရိုးမတောတလျှောက်တွင် စစ်ကောင်စီက Drone များကိုပါ လွှတ်တင်ပြီး စောင့်ကြည့်နေကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် ဂွမြို့နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ ကျေးရွာများ၊ လေးမျက်နှာမြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတခရိုင် ကွင်းကောက်မြို့နယ်တို့နှင့် ထိစပ်နေသော ရွာများကို ဖယ်ရှားခိုင်းနေပြီး တချို့ရွာများတွင် တအိမ်တစ်ယောက် မဖြစ်မနေ ကင်းစောင့်ခိုင်းထားသည်ဟု ဒေသခံများက ပြောဆိုသည်။
ရေကြည်မြို့နေ ကုန်သည်အမျိုးသမီးတစ်ဦးက “ရခိုင်ရိုးမအစပ်က တောဘက်ကလူတွေ မြို့ပေါ် ဈေးလာ မရောင်းတာတောင်ကြာပြီ။ ရိုးမပေါ် ဖားရှာငါးရှာတောင် တက်လို့မရတော့ဘူး။ စစ်တပ်က တပ်ဖြန့်ထားတာ တွေ့ရင် ဖမ်းမယ်စစ်မယ်။ ရခိုင်နဲ့ အဆက်အစပ်ရှိလား မေးမယ်။ အခုက ကျွန်မတို့ မြို့ထဲမှာတောင် ရပ်ကွက် အလိုက် ကင်းစောင့်ရမယ် ကြားနေတယ်။ ရခိုင် ဂွဘက်ကို AA က မကြာခင်သိမ်းတော့မယ်ကြားတော့ ဒီဘက်မှာ စစ်တပ်က တော်တော်လှုပ်နေတာလေ” ဟု ပြောသည်။
စစ်ကောင်စီက ရေကြည်မြို့နယ်ရှိ စောပြာ၊ စိမ့်ကြီးရွာအပါအဝင် ရွာအချို့နှင့် ဂွမြို့နယ်ဘက်မှ ရဟိုင်ကွင်းရွာတို့ကို အောက်တိုဘာ ၂၁ ရက်နေ့ကတည်းက အပြီးဖယ်ရှားရွှေ့ပြောင်းရန် ကြေညာထားရာ ရွာသားတချို့သည် ပြောင်းရွှေ့သွားကြပြီဖြစ်ပြီး ယခုထိ မပြောင်းရွှေ့နိုင်သူများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။
တဖက်တွင်လည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် လာရောက်၍ စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည်၊ ကြံခင်းနှင့် မြန်အောင် မြို့နယ်များရှိ သစ်တောကြိုးဝိုင်းနှင့် နီးသည့် ရွာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ တပ်စွဲခြင်း၊ ကင်းပုန်းဝပ်ခြင်းအပြင် စစ်ဆေးရေးဂိတ်များပါ တိုးမြှင့်ချထားကြောင်းလည်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ရခိုင်ပြည်ဒေသတွင်း တိုက်ပွဲများကြောင့် သံတွဲမြို့နှင့် ဂွမြို့နယ်က ဒေသခံ တစ်သိန်းကျော်သည် ဧရာဝတီတိုင်းနှင့် ပြည်မဘက်တွင် စစ်ဘေးတိမ်းရှောင်လျက်ရှိကြပြီး စားဝတ်နေရေး အခက်အခဲအပြင် လုံခြုံရေးဆိုင်ရာပါ ခြိမ်းခြောက်မှုတို့ကို ရင်ဆိုင်ကြုံနေရသည်ဟု သိရှိရသည်။
နိရဉ္စရာ ပေးပို့သည်။