AA နှင့် စားပွဲဝိုင်းတွင်တွေ့ဆုံဖြေရှင်းမှု သုံးကြိမ်ရှိခဲ့ကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ ပြောဆို

By MPM 8 စက်တင်ဘာ, 2024 👁 5

ချင်းပြည်တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အာရက္ခတပ်တော် (ULA/AA) နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းမှုမျိုးကို ချင်းတော်လှန်ရေးအင်အားစုများက လိုလားသောကြောင့် ပွတ်တိုက်မှု ဖြစ်မလာစေရန် AA နှင့် သုံးကြိမ်ဆွေးနွေးမှုရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အခုလို ပွတ်တိုက်မှုတွေ ဖြစ်မလာဖို့ AA နဲ့ သုံးကြိမ် ဆွေးနွေးခဲ့တယ်၊၊ စကစ (စစ်ကောင်စီ) အာဏာစသိမ်းချိန်မှာ AA က စကစနဲ့ ပြေလည်ထားတယ်၊၊ အခု AA က စကစကို ပြန်တိုက်ချိန်မှာ ဆွေးနွေးဖို့ ပြန်ပြောထားပါတယ်၊၊ စားပွဲဝိုင်းမှာ ဖြေရှင်းတာမျိုးကို ကျနော်တို့က လိုလားတာပါ၊၊ ပြည်သူရဲ့နစ်နာဆုံးရှုံးမှုကို အလေးထားသင့်တယ်” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ULA/AA အနေဖြင့် ချင်းပြည်တွင် စစ်ရေးလှုပ်ရှားလျှင် ကြိုတင်ညှိနှိုင်းရန်၊ အပြန်အလှန်ကူညီကြရန် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ဖြစ်မလာခဲ့ကြောင်း၊ ပွတ်တိုက်မှုကို ချင်းအင်အားစုဘက်မှလည်း မလိုလားကြောင်း ဆလိုင်းထက်နီက ပြောဆိုသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပူးလာလ်ဒိုအောမ်မာ၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် ပူးလာလ်ဒိုအောမ်မာက အာရက္ခတပ်တော် AA နှင့် စစ်မက်ဖြစ်ပွားခြင်း ထက် မိတ်ဆွေဖွဲ့ရမည်ဟု မှတ်ချက်ပြုပြောဆိုမှုနှင့် ပတ်သက်၍ CNF/ CNA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုလိုပြောဆိုခြင်း ဖြစ်သည်။

ဆလိုင်းထက်နီက “ပူးလာလ်ဒိုအောမ်မာအနေနဲ့ AA နဲ့ ကျနော်တို့နဲ့ ပွတ်တိုက်မှုဖြစ်ရတဲ့ ပြသနာအရင်းခံကို မသိလို့ပါ။ သူ့အနေနဲ့ အဲလိုပြောတာလဲ မမှားပါဘူး။ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လူမျိုးရေးအရဖြစ်စေ၊ အဖွဲ့အစည်းအနေနဲ့ဖြစ်စေ၊ အပြန်အလှန် လေးစားအသိအမှတ်ပြုရေး၊ CNF ကနေ AA ကို သုံးကြိမ်တွေ့ဆုံမှုမှာ AA က မလိုက်လျောပေးနိုင်မှုတွေကို မသိလို့ပါ” ဟု ပြောသည်။

ဆက်လက်ပြီး ဆလိုင်းထက်နီက “CNF ဟာ ယုံကြည်ချက်တူညီတဲ့ ဘယ်အဖွဲ့အစည်းမဆို လေးစားတယ်။ မဟာမိတ်အနေနဲ့ ဆက်ဆံချင်တယ်၊၊ သို့သော် စစ်ရေး၊ နိုင်ငံရေးအရ အပြန်အလှန်နားလည်လေးစား အသိအမှတ်ပြုမှုမဲ့တဲ့ ဆက်ဆံမှုကိုတော့ လက်မခံနိုင်ဘူး” ဟု ဆက်ပြောဆိုသည်။

ချင်းအမျိုးသားတပ်ဦး CNF သည် ယုံကြည်ချက်တူညီသော မည်သည့်အဖွဲ့အစည်းနှင့်မဆို မဟာမိတ်ဖွဲ့လက်တွဲနိုင်ပြီး စစ်ရေး၊ နိုင်ငံရေးတွင် အပြန်အလှန် နားလည်လေးစား အသိအမှတ်ပြုမှုမရှိသော ဆက်ဆံမှုမျိုးကိုတော့ လက်မခံနိုင်ဘူးဟု ဆလိုင်းထက်နီက ဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကိစ္စသည် ULA/AA နှင့် ချင်းအင်အားစုများအကြား ဖြေရှင်းရန်ရှိသကဲ့သို့ ချင်းပြည်ကောင်စီဦးဆောင်သည့် ချင်းအင်အားစုများနှင့် ချင်းညီနောင်အဖွဲ့၊ ULA/AA တို့ အကြားက အပြန်အလှန်ပစ်ခတ်မှု ပဋိပက္ခများသည် ထင်ရှားသည့် နှစ်ဖက်တွေ့ဆုံဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်သည်ဟု ဆလိုင်းထက်နီက ဆက်ပြောသည်။

ULA/AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ချင်းတောင်တွင် ဖြစ်ပွားနေသည့် တချို့အငြင်းပွားစရာ ပဋိပက္ခများကို ဖြေရှင်းသွားမည်ဟု စက်တင်ဘာ ၅ ရက်ကထုတ်လွှင့်သည့် ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုဖြေကြားထားသည်။

“ချင်းတောင်မှာ ကျနော်တို့ တချို့အငြင်းပွားစရာ ပဋိပက္ခတွေတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း ဒီဟာတွေကို သေချာရှင်းပြပြီးမှ ဖြေရှင်းသွားဖို့လည်း စဉ်းစားထားပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုခဲ့သည်။

အာရက္ခတပ်တော် ULA/ AA သည် ချင်းပြည်တောင်းပိုင်း ပလက်ဝမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်လျက်ရှိကြောင်း၊ ကျင်ဒွေး မြို့သိမ်းတိုက်ပွဲနှင့် မတူပီ မြို့သိမ်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းညီနောင်အဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး စစ်ရေးအကူအညီများပေးနေကြောင်း သိရသည်။

KMG ပေးပို့သည်။