AA က ရခိုင်ပြည်ပညာရေး စနစ်ကျလည်ပတ်ရန် ကြိုးပမ်းနေ

By MPM 16 မတ်, 2025 👁 90

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ကမြို့နယ်များတွင် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပြီး ပညာရေးကို စနစ်တကျလည်ပတ်နိုင်ရေးအတွက် အာရက္ခပညာရေးဌာနမှ ဆရာ/ဆရာမဝန်ထမ်းများ ခေါ်နေကြောင်း သိရသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများကို လာမည့် စာသင်နှစ်တွင် ပုံမှန်ပြန်ဖွင့်နိုင်ရေးအတွက် ULA ၏ ပညာရေးဌာနက စီစဉ်နေခြင်းဖြစ်သည်။

မောင်တောမြို့နယ်မှ ကျောင်းဆရာတစ်ဦးက “ပညာရေးဌာနတွေမှာ ဆရာ၊ဆရာမ ဝန်ထမ်းခေါ်နေတာပါ။ အသစ်ဝင်လာမယ့် ဝန်ထမ်းအသစ်တွေကိုလည်း ဝါရင့် ဆရာ၊ဆရာမတွေက သင်တန်းပို့ချပေးသွားမယ့် အစီအစဥ်တွေလည်း ရှိပါတယ်။ ကျနော်တို့မြို့နယ်မှာတော့ လာမယ့်နှစ်ကို ပညာရေး ပုံမှန်လည်ပတ်နိုင်မယ်လို့ထင်တယ်” ဟု ပြောသည်။

ရခိုင်တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ နေရာအနှံ့သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်း၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။

သို့သော် ယခုအခါ ကလေးသူငယ်များ ပညာရေးနှင့် အလှမ်းမဝေးစေရန် ထိုသို့ စီစဉ်ရခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းဝိုင်းက ပြောသည်။

“တိုက်ပွဲတွေပြီးကတည်းက အဆင်ပြေမယ့်နေရာမှာ စာသင်ကြတယ်။ စာသင်ကျောင်းမှာတော့ မဟုတ်ဘူးပေါ့။ ဆရာတွေအားလုံးလည်း အလုပ်ပြန်မဝင်နိုင်ကြသလို ကလေးတွေအားလုံးလည်း ကျောင်းမတက်နိုင်ခဲ့ကြဘူး။ နောက်နှစ် စာသင်နှစ်စရင်တော့ အားလုံးစနစ်တကျနဲ့ ကျောင်းပြန်ဖွင့်နိုင်ရင် ပိုကောင်းမယ်လို့မြင်ပါတယ်” ဟု မြောက်ဦးမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ရခိုင်တွင် ကျောင်းပိတ်ထားရခြင်း၏ အကျိုးဆက်အဖြစ် ကျောင်းသား၊ကျောင်းသူများမှာ ပညာရေးနှင့် အလှမ်းဝေးခဲ့ကာ အသက်ကြီးလာ၍ ကျောင်းပြင်ပသို့ ရောက်သွားခဲ့သူလည်း အများအပြားရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ၌ ရခိုင်တွင် ပရဟိတစာသင်ပေးနေသည့် စာသင်ကျောင်းအချို့နှင့် မိဘများ၏ စုပေါင်းငွေဖြင့် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများသာ လည်ပတ်နေပြီး ကလေးအများအပြားမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြသည်။

“ဆရာမတို့ဘက်မှာလည်း စာသင်ဖို့လုပ်နေကြပြီ။ တချို့ရွာတွေကလည်း တော်တော်လေး အဆင်ပြေပြေ သင်နေကြပြီ။ တချို့ကလည်း အခုမှ စီစဥ်နေကြတုန်းပေါ့။ ဆရာ၊ ဆရာမတွေကတော့ ပရဟိတသင်သလို တချို့ကြတော့လည်း ကျေးရွာက ထောက်ပံ့ပေးတာတွေရှိတယ်” ဟု သံတွဲမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲအကျိုးဆက်ကြောင့် ဒေသခံ ၆ သိန်းကျော်မှာ နေရပ်စွန့်ခွာနေရပြီး တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်လူငယ်များမှာလည်း စာသင်ခန်းပြင်ပသို့ ရောက်ရှိသွားကာ ပညာရေးလမ်း တခန်းရပ်နေခဲ့ကြောင်း ကျောင်းသားမိဘများက ပြောသည်။

ယင်းကြောင့် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်တွင် ပညာရေးကဏ္ဍ စနစ်တကျလည်ပတ်နိုင်ရေး ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများက မျှော်လင့်နေကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။