3 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းAA ထိုးစစ်ကြောင့် မော်တင်စွန်းဘုရားပွဲတော် လုံခြုံရေးအပြည့်ဖြင့်ကျင်းပရန် ပြင်ဆင်

AA ထိုးစစ်ကြောင့် မော်တင်စွန်းဘုရားပွဲတော် လုံခြုံရေးအပြည့်ဖြင့်ကျင်းပရန် ပြင်ဆင်

ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းအစပ် ရိုးမတလျှောက် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်မှုများရှိနေသောကြောင့် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ မော်တော်စွန်းဘုရားပွဲတော်ကို လုံခြုံရေးအပြည့်ဖြင့်ကျင်းပရန် ပြင်ဆင်နေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

ထို့အပြင် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ခွင့်မပေးသေးသလို မော်တင်စွန်းဘုရားပွဲသို့ လာရောက်သော ဘုရားဖူးများကို တင်းတင်းကြပ်ကျပ်စစ်နေပြီး မော်တင်စွန်းစေတီအနီးရှိ ဇီးချိုင့်၊ ကံချိုင့် ကျေးရွာများတွင်လည်း စစ်ကောင်စီကတပ်စွဲထားကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ငပုတောဒေသခံအမျိုးသမီးတစ်ဦးက “ သူတို့တာဝန်ရှိတဲ့သူတွေက ကျင်းပရမယ်လို့ပြောထားပေမယ့် ရက်က ကပ်လာပြီ။ အခုထိ ဆိုင်ခန်းတွေ အသေအချာမဆောက်ရဲကြဘူး။ စျေးဆိုင်ပိုင်ရှင်က သူတို့တစ်ခုခုဖြစ်မှာ ကြောက်တယ်လေ။ ရေကြောင်းက အရင်ကတည်းက ရခိုင်နဲ့ဆက်စပ်မှုရှိတယ်။ AA ကလည်း ကမ်းခြေလမ်း အတိုင်း တက်လာတာများတယ်။ အခုဒေသခံရခိုင်တွေကို တအားစစ်နေတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့က မော်တင်စွန်းဘုရားပွဲတော်ကို ဘုရားပွဲတော်ကို ယခုဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့အထိ ကျင်းပသွားရန် ကြေညာထားကြောင်းနှင့် တဖက်တွင်လည်း လုံခြုံရေး မပေးနိုင်တာကြောင့် အကျဉ်းချုံးသာ ကျင်းပရန်စီစဉ်နေသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ပုသိမ်ဒေသခံတစ်ဦးက “ဘုရားပွဲကတော့ သူတို့ဟန်ပြလုပ်မှာ ပြီးရင်လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းအုံးမယ်။ သူတို့အကျင့်တွေက မော်တင်ဘက်မှာက အရင်ကတည်းကနေတဲ့ရခိုင်တွေ ရှိတယ်။ သူတို့ကိုလည်း နေခင်းဖက်တောင် ဝင်စစ်နေတယ်။ ခုလို အခြေအနေတွေကြောင့် ဘုရားပွဲက အရင်နှစ်တွေလို မစည်ကား နိုင်တော့ဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် မော်တင်စွန်းစေတီသို့ လာရောက်သည့် ကုန်းလမ်းတလျှောက်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေးနေပြီး ရေလမ်းကြောင်းတွင်လည်း စစ်ရေယာဉ်တချို့ နေရာယူထားပြီး ကင်းလှည့်နေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

ရခိုင်ပြည်နယ်အစပ် ရိုးမတစ်လျှောက်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း၊ သာပေါင်း၊ ရွှေသောင်ယံမြို့ များ အနီးဝန်းကျင်တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေသောကြောင့် ဒေသအတွင်းလုံခြုံရေးအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။

မော်တင်စွန်းဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်ကြာ ကျင်းပလေ့ရှိကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။