AA ထိုးစစ်ကြောင့် ရေကြည် အမြောက်တပ်မှ တပ်မိသားစုဝင်များကို နေရာရွှေ့

By MPM 12 ဇွန်, 2026 👁

အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်များကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အခြေစိုက် အမြောက်တပ် (အမတ) ၃၄၄ မှ တပ်ဖွဲ့ဝင်မိသားစုများကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) သို့ နေရာရွှေ့ပြောင်းနေကြောင်း သိရသည်။

ဇွန်လ ၇ ရက်က စပြီး အမတ ၃၄၄ က တပ်မိသားစုဝင်များကို တိုင်းစစ်ဌာနချုပ်သို့ စစ်ကားများဖြင့် ရွှေ့ပြောင်းနေခြင်းဖြစ်ပြီး လက်ရှိ အမြောက်တပ်အနီး ပတ်ဝန်းကျင်တွင်နေသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အမတ- ၃၄၄ အနီး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်မိသားစုဝင်တွေကို နတခ ဌာချုပ်ကို ပြောင်းပေးနေတာ။ အဓိက တပ်ရင်းဌာနချုပ် တိုက်ခိုက်ခံလာရရင် မိသားစုတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှာကြောက်တာကြောင့် ကြိုတင် ရွှေ့ပြောင်းထားတာ။ လက်ရှိမှာလည်း တပ်ရင်းအနီး တိုက်ပွဲတွေက ပြင်းထန်နေဆဲပဲ” ဟု ပြောသည်။

မေလ လယ်ပိုင်းက စပြီး အမတ- ၃၄၄ တပ်ရင်းအနီး၌ အာဏာသိမ်းစစ်တပ်နှင့် AA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ တပ်ရင်းနှင့် တစ်မိုင်အနီးထိ AA နှင့် မဟာမိတ်ပူးပေါင်းတပ်များ ထိုးစစ်ရောက်နေသည်။

ယင်းတိုက်ပွဲကြောင့် တပ်အနီးရှိ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး လက်ရှိမှာ စစ်တပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်နေကြောင်း  သိရသည်။

ထို့အတူ စစ်တပ်သည် ရေကြည်၊ လေးမျက်နှာနှင့် သာပေါင်းမြို့နယ်တို့မှာ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသလို ဆုံးရှုံးနယ်မြေများကိုလည်း ပြန်လည်ရရှိနိုင်ရန် အသည်းအသန် ကြိုးပမ်းနေကြောင်း ပြောသည်။

“စကမက နေ့တိုင်းတိုက်ခိုက်မှုတွေကို ပြုလုပ်နေတယ်။ သူတို့က ဆုံးရှုံးမြို့နယ်တွေကို အသည်အသန် ပြန်ရဖို့ ကြိုးပမ်းနေတာ။ မြေပြင်ထိုးစစ်ဆင်လို့ အထိနာရင် လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်တယ်။ အခုလည်း အင်အားဖြည့်တင်းမှုတွေကို ဆက်တိုက်လုပ်နေတာရှိတယ်” ဟု လေးမျက်နှာမြို့နယ်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လေးမျက်နှာမြို့နယ်က ပုသိမ် -မုံရွာလမ်းပိုင်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး အဆိုပါ ဆုံးရှုံးနယ်မြေများကို ပြန်လည်ရရှိရန် စစ်တပ်က ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူ၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် စစ်ရေးဖော်ဆောင်နေပြီး စစ်တပ်ကလည်း ယင်းမှတစ်ဆင့် ရခိုင်ပြည်သို့ ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အာရက္ခတပ်တော်နှင့် အမှတ် (၂၉) ဗျူဟာအပါဝင် ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းကစပြီး ဧရာဝတီတိုင်းက တပ်စခန်းနှင့် နယ်မြေ ရဲစခန်းအချို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

DMG