အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရခိုင်ပြည်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်၊ အခွန်၊ မီးသတ် စသည့်ဌာနများတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများကို ဆက်တိုက် ခေါ်ယူနေကြောင်း ရခိုင်ပြည်ကျန်းမာရေးအသိုင်းဝိုင်းထံမှ သိရသည်။
ရခိုင်ပြည်နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် AA သည် လက်ရှိတွင် အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရတရပ် ထူထောင်ပြီး အုပ်ချုပ်ရေးယန္တရား ခိုင်မာစေရန်နှင့် ဌာနဆိုင်ရာလုပ်ငန်းများ လည်ပတ်နိုင်စေရန် အင်တိုက်အားတိုက်အကောင်ထည်ဖော်လျက် ရှိနေသည်။
ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ကျန်းမာရေးလုပ်သား ဝန်ထမ်းအဟောင်းများနှင့် ဝန်ထမ်းအသစ်များကို လျှောက်လွာခေါ်ယူနေသည်ဟု ရခိုင်ပြည် ကျန်းမာရေးအသိုင်းအဝိုင်းက ပြောဆိုသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနနှင့် နီးစပ်သူအမျိုးသားတစ်ဦးက “အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ အရင်က ကျန်းမာရေးဝန်ထမ်းအဟောင်းတွေကို အမြဲတမ်းဝန်ထမ်းခန့်ဖို့အတွက် လျှောက်လွှာတွေ ခေါ်ယူနေတာရှိတယ်။ နောက်လူငယ်တွေကိုလည်း ကျန်းမာရေး ကြီးကြပ် (၂) အဖြစ် သင်တန်းသားခေါ်ယူနေတာရှိတယ်။ သူတို့ကတော့ ၈ လ သက်တမ်း သင်တန်းတက်ရောက်ပြီးနောက် ကျန်းမာရေးဌာနက တာဝန်ချပေးတဲ့နေရာမှာ တာဝန်ထမ်းဆောင်ကြရမှာဖြစ်တယ်” ဟု ပြောသည်။
လက်ရှိ၌ ကျန်းမာရေးဌာန ကြီးကြပ် (၂) ရာထူးအတွက်ခေါ်ယူရာတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အကြား လူငယ်များ လျှောက်ထားနိုင်ကြောင်း သိရသည်။
ယင်းအပြင် အခြားဌာနဆိုင်ရာများဖြစ်သည့် ပညာရေး၊ အခွန်၊ စည်ပင်၊ ရဲ ဌာနတို့တွင်လည်း ဝန်ထမ်းဟောင်းများနှင့် ဝန်ထမ်းသစ်လူငယ်များကို တာဝန်ထမ်းဆောင်ရန် ခေါ်နေကြောင်းသိရသည်။
ပြီးခဲ့သည့်လကလည်း အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် အတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ပညာရေးကို စနစ်တကျလည်ပတ်နိုင်ရန်အတွက် အာရက္ခ ပညာရေးဌာနမှ ဆရာ/ဆရာမ အဟောင်းများ၊ ဝန်ထမ်းများကို ခေါ်ထားသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ ပုံမှန်ပြန်ဖွင့်နိုင်ရန် အတွက် စီစဉ်ခြင်းဖြစ်ကြောင်းကို ပညာရေးအသိုင်းအဝိုင်းက ပြောကြသည်။
ယင်းသို့ ရခိုင်ပြည်တွင် ကျန်းမာရေးဌာနအပါဝင် ဌာနဆိုင်ရာများတွင် ဝန်ထမ်းများခေါ်ယူနေခြင်းမှာ အစိုးရ တရပ်အနေနှင့် ပုံမှန်လည်ပတ်နိုင်ရန် အားယူနေခြင်းဖြစ်သည်ဟုလည်း ရခိုင်နိုင်ငံရေးအကဲခတ်သူတို့က ရှုမြင်ကြသည်။
“AA က သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို သူတို့ရဲ့ဌာနအလိုက် ခေါ်ယူနေတာ တွေ တွေ့ရတယ်။ အရင်တုန်းကလည်း ပညာရေးဝန်ထမ်းတွေကို ခေါ်ယူတာတွေ့ရသလို အခုလည်း ကျန်းမာရေး ဝန်ထမ်းတွေ ခေါ်နေတယ်လို့သိထားရတယ်။ ဒီဟာတွေက သူတို့သိမ်းထားတဲ့နေရာမှာ ပုံမှန်အစိုးရတရပ်အနေနဲ့ လည်ပတ်နိုင်ဖို့အတွက် အားယူတာလို့မြင်တယ်။ ဒီဟာက သူတို့လုပ်ပိုင်ခွင့်နဲ့ သူတို့လိုချင်တဲ့ ရခိုင်ပြည် တည်ဆောက်ရေးမှာ လုပ်သင့်တာကိုလုပ်တာလို့မြင်တယ်” ဟု ရခိုင်ပြည်အရေး စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် ရခိုင်က မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ယင်းမြို့နယ်များတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူဝန်ဆောင်မှုလုပ်ငန်းများနှင့် ရခိုင်ပြည်ကို ပုံမှန်လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး နောက်တဖက်တွင်လည်း စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများရှိနေကြောင်း သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။