AA က မွတ်ဆလင်များအပေါ် ရာဇဝတ်မှုကျူးလွန်သည်ဆိုသည့် အမှု IIMM စုံစမ်းဖော်ထုတ်နေ

By MPM 15 ဩဂုတ်, 2025 👁

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက မွတ်ဆလင်များအပေါ် ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲထားသည့်အမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က စုံစမ်းစစ်ဆေးနေကြောင်း ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည့် တစ်နှစ်တာ အစီရင်ခံစာက ဖော်ပြသည်။

AA တပ်ဖွဲ့ဝင်များက စစ်ဝတ် (သို့မဟုတ်) အရပ်ဝတ်ဖြင့် ကျူးလွန်နေသည်ဟု စွပ်စွဲထားသော ရာဇဝတ်မှုများကို စတင်စုံစမ်းစစ်ဆေးခဲ့ပြီး ယင်းတို့အနက် စစ်သားများနှင့် စစ်ဘက်သတင်းပေးဟု သံသယရှိသည့် အရပ်သားများအား အကျဉ်းချုံးစီရင်ကွပ်မျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခေါင်းဖြတ်သတ်ခြင်း စသည့်လုပ်ရပ်များ ပါဝင်ကြောင်း အစီရင်ခံစာက ဆိုထားသည်။

IIMM အနေဖြင့် ချင်းအမျိုးသမီးများအား မုဒိမ်းကျင့်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် သက်ဆိုင်သော အချက်အလက်များကို ဆက်လက်စုဆောင်းနေကြောင်း သိရသည်။

လက်ရှိ ရခိုင်ဒေသတွင် စစ်ရေး၊ နိုင်ငံရေးရှုပ်ထွေးနေသဖြင့် စစ်မှန်သည့်စုံစမ်းစစ်ဆေးမှု အဖြေအတွက် အချိန်ကာလတစ်ခုကို စောင့်ဆိုင်းရန် လိုအပ်သည့်အပြင် ထိုစုံစမ်းစစ်ဆေးရေး၌ မြေပြင်က ပါဝင်သင့်သည့် အဖွဲ့အစည်းများကို အသိပေးရန်လိုကြောင်း ပြောဆိုမှုများ ရှိနေသည်။

“ ဒီဟာတွေကို စုံစမ်း၊ စစ်ဆေးတဲ့အခါ ဘယ်သူတွေ ပါဝင်မလဲ၊ ဘယ်သူတွေကို မေးမလဲပေါ့။ ရခိုင်မှာက စစ်ရေး၊ နိုင်ငံရေးတွေကအစ ငြိမ်သက်နေတာမျိုးမဟုတ်တော့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေဟာလည်း ကောင်းကောင်း အဖြေထွက်လိမ့်မယ်လို့ ကျနော် မထင်ဘူး” ဟု ရခိုင်လူမှုအဖွဲ့အစည်းမှ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလတွင် ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာသား ကလေး၊ အမျိုးသမီး ကိုယ်ဝန်ဆောင်အပါဝင် မွတ်ဆလင် ၆၀၀ ခန့်ကို အာရက္ခတပ်တော်က သတ်ဖြတ်ခဲ့ကြောင်း အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) က စွပ်စွဲထားသည်။

အလားတူ အာရက္ခတပ်တော်သည် ရခိုင်ပြည်အတွင်း မွတ်ဆလင်များအပေါ် ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းအပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုကာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်ကြောင်း ဇူလိုင် ၂၃ ရက်တွင် Fortify Rights က ထုတ်ပြန်ခဲ့သည်။

“ ULA/ AA က အုပ်ချုပ်ရေးယန္တယားတွေ အားသွန်ခွန်စိုက်လုပ်နေတဲ့ ဒီလိုအချိန်မျိုးမှာ လူစိတ်ဝင်စားမယ့် မျိုးစုံသော စွက်စွဲချက်တွေကိုပါ တပြိုင်တည်း ဖြေရှင်းနေရတယ်။ ဒါတွေဟာ ULA/ AA အပေါ် နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တမင်တကာ လုပ်တောင်နေကြသလားလို့ ကျနော်ကတော့ အဲလိုထင်တယ်” ဟု ကျောက်ဖြူဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ စွပ်စွဲနေကြသည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း AA က ဖြေရှင်းထားပြီး သတင်းမီဒီယာများကိုလည်း လုံခြုံရေးအပေါ်မူတည်ကာ သွားရောက်သတင်းယူခွင့်ပေးမည်ဟု ဖိတ်ခေါ်ထားသည်။

မွတ်ဆလင်များအပေါ် သတ်ဖြတ်မှု၊ နေအိမ်များအား မီးရှို့မှု၊ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုစသည့် ကိစ္စရပ်များမရှိဘဲ ရခိုင်ပြည်အတွင်းနေထိုင်သည့် လူမျိုးစုံ၊ ဘာသာစုံကို တန်းတူညီမျှ အခွင့်အရေးပေးထားကြောင်း AA က ပြောဆိုထားသည်။

DMG