ကရင်နီ (ကယား) ပြည်တွင် မတ်လတလတာအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူအရပ်သား ၈ ဦးရှိပြီး ထိုအထဲက ၂ ဦး သေဆုံးသွားကြောင်း မှတ်တမ်းပြုစုထားသည့် စာရင်းအချက်များအရ သိရှိရသည်။
မှတ်တမ်းပြုစုထားသည့်စာရင်းနှင့် မြေပြင် ပရဟိတလှုပ်ရှားရေးအဖွဲ့တို့၏ လက်လှမ်းမီစာရင်းများအရ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများမှာ လွိုင်ကော်မြို့ပေါ်တွင် ၆ ဦးနှင့် နန်းမယ်ခုံမြို့နယ်တွင် ၂ ဦး တို့ ဖြစ်ကြသည်။
ထိုအထဲမှ လွိုင်ကော်မြို့ပေါ်ရှိ မိုင်ကြောင့်ထိခိုက်ခဲ့သူများထဲမှ ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ မြေမြှုပ်မိုင်းနင်းမိသူ အရပ်သားအများစုသည် စစ်ဘေးတိမ်းရှောင်နေကြရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည့် မိမိနေရပ်ကို ပြန်လည်သွားရောက်စဉ် နင်းမိခဲ့ကြခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။
နန်းမယ်ခုံဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက “အိမ်ကရှိသေးပေမဲ့ အခုလို မိုင်းတွေရှိသေးတာ၊ မိုင်းတွေ နင်းမိကြတာ ကြားရမြင်တွေ့ရတော့ အိမ်ပြန်ချင်စိတ်လည်း မရှိတော့ဘူး။ ဒီလို ကိုယ်လက်အင်္ဂါစုံသေးတာတောင် ဒီလိုအခြေအနေနဲ့က စားဝတ်နေရေးတော်တော်ခက်ခဲတာ” ဟု ပြောသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက မိုင်းအန္တရာယ်နှင့်ဆက်စပ်ပြီး အထူးသတိရှိစေကြရန်နှင့် လက်နက်ခဲယမ်းဆိုင်ရာပစ္စည်းတို့ကို ထိတွေ့ကိုင်တွယ်မှု မလုပ်ကြရန် ယခုလိုပြောဆိုသည်။
“အကြောင်းရင်းအမျိုးမျိုးကြောင့် ကျနော်တို့ဌာနေ ကျနော်တို့ကျေးရွာကို ပြန်တဲ့အချိန်မှာ မိုင်းအန္တာရာယ်ကို အထူးအသိရှိစေချင်တယ်။ နောက်တခုက ပေါက်ကွဲတတ်တဲ့လက်နက်ခဲယမ်းတွေကို လုံးဝ မထိမကိုင်တွယ်ပဲ ရှောင်ရှားဖို့လိုအပ်ပါတယ်။ နောက်တခုက တချို့ တားမြစ်ဧရိယာလည်း ရှိသေးတော့ ကျနော်တို့ အဝင်အထွက် သွားလာ အထူးသတိပြုစေချင်တယ်ဆိုတဲ့ဟာလောက်ပဲ ပြောလို့ရမယ်” ဟု ဦးဗညားက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ထဲ၌ လက်လုပ်မိုင်းကို ကိုင်တွယ်ဆော့ရာကနေ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ယင်းတို့ထဲက ၁ ဦး သေဆုံးခဲ့သည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။