၂ နှစ်အောက် စစ်ရှောင်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခွင့် နောက်ကျနေလို့ မိဘများစိုးရိမ်ပူပန်

0
293
ပုံစာ - စစ်ရှောင်ကလေးငယ်အများစု ကာကွယ်ဆေး အချိန်မီ ထိုးနှံဖို့ခက်ခဲနေ။

ကရင်နီ (ကယား) ပြည်တွင် စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်အများစုဟာ ကာကွယ်ဆေးထိုးနှံဖို့ နောက်ကျနေတာကြောင့် မိဘတွေက သူတို့ကလေးငယ်တွေအတွက် စိုးရိမ်မှုများ ရှိနေတယ်လို့ ပြောဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် ဒေသတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ကလေးငယ်များနှင့် မြို့ပြနှင့် အလှမ်းဝေးတဲ့အရပ်ဒေသရှိ ကလေးငယ်များမှာ ကာကွယ်ဆေးထိုးနှံပေးဖို့ အခက်အခဲတွေ ရှိနေကြကြောင်း သိရသည်။

“ကာကွယ်ဆေး ပထမတခေါက်ကကျတော့ ကလေး ၆ လပြည့်မှ ထိုးပေးရတယ်ပေါ့နော။ အဲ့ချိန်မှ သွားနိုင်တယ်။ အဲ့ချိန်မှ ပိုက်ဆံရှိတယ် ။ အဲ့ချိန်မှလည်း သွားနိုင် ကားကြုံလည်းရှိတော့ သွားနိုင်တော့ တော်တော်တော့ နောက်ကျနေပြီပေါ့နော။ အဲ့ခါကျတော့ ထိုးပြီးတော့ တစ်ပတ်နှစ်ပတ်လောက်လား မသိဘူး ကလေးက အပြင်းဖျားတယ်။ အပျင်းဖျားပြီးတော့မှ တစ်ခါထဲကို တန်းတက်သွားတယ်ပေါ့နော။ တက်သွားတော့ ဆေးရုံဆေးခန်းပဲ မြန်မြန်ပြေးသွားရတာပေါ့။ အဲ့ခါကျတော့ ပြန်စဉ်းစားကြည့်တာ ပေါ့နော။ အဲလိုမျိုး ကာကွယ်ဆေးတွေ ဘာတွေများ မထိုးမိလို့ အချိန်မီမထိုးပေးနိုင်လို့များ အဲလိုမျိုး အဖျားကြီးသွားတာလားလို့ပေါ့နော” လို့ စစ်ရှောင်စခန်းမှာနေထိုင်သည့် မိခင်တစ်ဦးက ပြောဆိုသည်။

ပုံမှန်အားဖြင့် မွေးကင်းစအရွယ် ကလေး သို့မဟုတ် ၁ လခွဲ၊ ၂ လအရွယ်ကစပြီး တစ်နှစ်ကျော်အထိ ကာကွယ်ဆေး ၅ ကြိမ် ထိုးပေးရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျန်းမာရေး ဆရာ၀န်တစ်ဦးက ဆိုသည်။

“၁ လခွဲ အစောဆုံးပေါ့နော။ ဒါမှမဟုတ် ၂ လ လည်း ရတယ်ပေါ့နော။ ဒီကဒ်ပြားမှာတော့ ၂ လ၊ ၄ လ ၊ ၆ လ ပြီးရင် ၉ လ ၊ ၁ နှစ်ခွဲပေါ့ အနည်းဆုံးတော့ ၅ ကြိမ် လောက် ရှိမှာပေါ့နော” ဟု အဆိုပါဆရာဝန်က ပြောပါသည်။

လက်ရှိအနေအထားအရ ကရင်နီပြည်က စစ်ဘေးရှောင်များသည် ၎င်းတို့ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံလို့ရနိုင်သည့် လွိုင်ကော်မြို့ကို သွားလာဖို့အတွက် လမ်းခရီးဝေးတာတွေအပြင် ကားခနှင့် တခြားကုန်ကျစရိတ်တွေ အတွက်လည်း ငွေကြေးမတတ်နိုင်ကြကြောင်း ပြောဆိုသည်။

“သွားရလာရတာ ဝေးတော့ ကားငှားရတာနဲ့ဆိုတော့ ပိုက်ဆံက ကုန်တယ်လေး။ ပိုက်ဆံကုန်တော့ ကိုယ်ကလည်း စစ်ဘေးရှောင်ပဲဆိုတော့ ပိုက်ဆံကမရှိတာ များတယ်ပေါ့နော။ အဲ့ခါကျတော့ တခါတခါ သွားဖို့ ဆိုလို့ရှိရင် ပိုက်ဆံက နှစ်လတစ်ခါ အဲလိုမျိုး တစ်လနှစ်လလောက် ကြိုစုပြီးမှ သွားရတယ်။ အဲ့မျိုးပေါ့နော၊ ကားငှားဖို့ ကားခလည်းနဲနဲတော့စျေးကြီးတယ်ပေါ့နော” လို့ မိခင်တစ်ဦးဖြစ်သူ ဒေါ်မနွဲ့က ပြောသည်။

တောတောင်ထဲ စစ်ရှောင်နေရသည့် ကရင်နီစစ်ရှောင်တွေက ဆေးရုံဆေးခန်းရှိတဲ့ မြို့ပြနဲ့ အလှမ်းဝေး နေကြတာကြောင့် မိမိတို့၏ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့ တခုမဟုတ်တခု အခက်တွေ့ နေရတယ်လို့ ဒေါ်မနွဲ့က အခုလို ဆက်ပြောပါသည်။

“ပိုက်ဆံတွေ ဘာတွေစုတယ်။ နောက် တခါတလေ ဆိုလို့ရှိရင်လည်း အဲ့မျိုး ကားမရှိတာနဲ့ တိုးတာ များတယ်ပေါ့နော။ ပိုက်ဆံရှိတဲ့ ချိန်ကျတော့လည်း ကားမရှိပြန်ဘူး။ နောက်ကားရှိတယ် လူကြုံရှိတယ် ပြောတဲ့ခါကျတော့လည်း ပိုက်ဆံက မရှိတဲ့ချိန်နဲ့ တိုးပြန်ရော။ အဲမျိုးကျတော့ မထိုးဖြစ်တာများတာ။ များသွား တယ်ပေါ့နော။ ပြီးတော့ကလေးကလည်း နောက်ကျသွားတယ်ပေါ့” ဟု ဒေါ်မနွဲ့က ပြောသည်။

ဆေးပညာပိုင်းဆိုင်ရာအရ ကလေးတွေကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးများ ထိုးနှံပေးဖို့ လိုအပ်ပြီး အချိန်မီ ကာကွယ်ဆေး မထိုးနှံနိုင်ရင်တောင် နောက်ကျမှ ကာကွယ်ဆေးထိုးနှံတာကလည်း ရောဂါဖြစ်လာနိုင်တဲ့ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ဆရာဝန်တစ်ဦးက ပြောသည်။

“ထိုးလိုက်ခြင်းအားဖြင့်တော့ နောက်ကျပြီဆိုပေမဲ့လည်း ဒီလက်ရှိ သူ့ရဲ့ အတိုင်းအတာတစ်ခုမှာ သူ့ရဲ့ ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ ခံနိုင်စွမ်း ၊ရောဂါခံနိုင်စွမ်း သူ့ရဲ့ကိုယ်ခံအားမှာ ၀င်လာရင် သူ့ရဲ့ဒီကျန်တဲ့ အသက်အရွယ်ပိုင်းမှာ ဒီဟာ ရောဂါဖြစ်နိုင်ချေ ရာနှုန်းတွေ နည်းသွားတာကျတော့ လုံးလုံး မထိုးတာ ထက်စာရင်တော့ နောက်ကျပြီးထိုးလည်း ရာခိုင်နှုန်းကတော့ သူ့ရဲ့အတိုင်းအတာ တစ်ခုထိတော့ ထိရောက်မှု ပိုရှိတယ်ပေါ့။ လုံးလုံးမထိုးတဲ့ကလေးထက်စာရင်တော့လို့” အဆိုပါဆရာဝန်က ပြောသည်။

လက်ရှိချိန်တွင် ကာကွယ်ဆေးကို လွိုင်ကော်မြို့ပေါ်မှာ သွားရောက်ထိုးနှံကြရပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် လွိုင်ကော်မြို့ကို သွားရောက်နိုင်ဖို့လည်း ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကလေးမိဘတွေက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here