“၂၀၂၄” သည် ချင်းပြည်အတွက် အလွန်အရေးကြီးသော နှစ်တစ်နှစ်ဟု ချင်းလဲန်းကောင်စီဥက္ကဋ္ဌပြော

0
333

၂၀၂၄ ခုနှစ်သည် ချင်းပြည်အတွက် အလွန်အရေးကြီးသော ‘နှစ်’ တစ်နှစ်ဖြစ်ပြီး အရေးတကြီး အကောင်အထည်ဖော်ရမည့် အချက် (၄) ချက်ရှိကြောင်း ချင်းလဲန်းကောင်စီဥက္ကဋ္ဌ Pu Zing Cung က ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဋ္ဌလည်းဖြစ်ပြီး ချင်းလဲန်းကောင်စီဥက္ကဋ္ဌ Pu Zing Cung က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်က နှစ်သစ်နှုတ်ခွန်းဆက်စကားတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပထမအချက်သည် “စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းရေး” ဖြစ်ပြီး ယင်းစနစ်ကို ကျောထောက် နောက်ခံပေးနေသည့် စစ်တပ်နှင့် ၎င်း၏ယန္တရားတစ်ခုလုံးကို ချေးမှုန်းရန် ဖြစ်သည်ဟု ကောင်စီဥက္ကဋ္ဌက ပြောသည်။

ဒုတိယအချက်သည် “ချင်းအမျိုးသား ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားတို့၏ ပိုင်နက်နယ်မြေ အစိတ်အပိုင်းတချို့ကို စစ်ကောင်စီက အုပ်ချုပ်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်ကို အပြီးအပိုင် တိုက်ထုတ် သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တတိယအချက်သည် “အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းလဲန်းတည်ဆောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားရေး လှုပ်ရှားမှုမှာ အင်အားစုတစ်ရပ်လုံး စုစည်းမှသာ အရှိန်အဟုန်နှင့် တိုက်ပွဲဝင်နိုင်မှာ ဖြစ်ကြောင်း၊ ချင်းလဲန်းတည်ဆောက်ရေးမှာ ချင်းအမျိုးသားများနှင့် ချင်းလဲန်းပြည်သူတစ်ရပ်လုံး တက်ညီလက်ညီ တာဝန်ထမ်းရွက်ကြမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးအချက်သည် “နိုင်ငံရေးနဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးအချိန်ဖြစ်ပြီး ချင်းပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင်တခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အကောင်းဆုံးအခွင့်အလမ်းဖြစ်ကြောင်း၊ ယင်းကို အမိအရဆုပ်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများအားလုံး စုစုစည်းစည်းဖြင့် ပူးပေါင်းတိုက်ပွဲဝင်ရန် လိုအပ်သည်ဟု ချင်းလဲန်းကောင်စီဥက္ကဋ္ဌက ပြောသည်။

၂၀၂၃ ခုနှစ်မှာ နာကျည်းမှု၊ ဝမ်းနည်းပူဆွေးမှု၊ ဆုံးရှုံးမှုများ ကြုံခဲ့ရသော်လည်း စစ်ရေးကဏ္ဏမှာ စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့သည့်အပြင် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေး ကဏ္ဏမှာ ချင်းလူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ကျင့်သုံးရန် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းပြီး ချင်းလဲန်းကောင်စီကို ပြဌာန်းနိုင်ခဲ့ကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here