ဧရာဝတီတိုင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းသင်တန်းဆင်းများ ထွက်ပြေးမှုများရှိနေ

0
148
Photo - ပုသိမ်သတင်းများ

ဂွမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွင် တာဝန်ကျမည်ဟု လိမ်ခေါ်ကာ စစ်တိုက်ခိုင်းသဖြင့် ဧရာဝတီတိုင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းသင်တန်းဆင်းများ ထွက်ပြေးမှုများရှိနေပြီး ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင်မိသားစုတို့၏ နေအိမ်များကို ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်မှုများရှိနေသည်ဟု သိရသည်။

ဒေသခံတစ်ဦးက “ဧရာဝတီတိုင်းက စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးဂိတ်တွေမှာ တာဝန်ထမ်းဆောင် ရမယ်ဆိုပြီး ဂွကို လိမ်ခေါ်တယ်လို့ သိရတယ်။ ဟိုရောက်တော့ စစ်တိုက်ခိုင်းတယ်။ အဲဒီတော့ AA နဲ့ စစ်တိုက်ရမှာကြောက်ပြီး ထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့သူတွေရဲ့ မိသားစုတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက်နေတယ်” ဟု ပြောသည်။

အလားတူ AA ကို ကြောက်လန့်၍ သာပေါင်းမြို့နှင့် ပုသိမ်မြို့မှ စစ်မှုထမ်းစစ်သင်တန်းဆင်းများ ထွက်ပြေးမှုများရှိသကဲ့သို့ ဂွမြို့နယ်ရှိ AA နှင့် တိုက်ခိုက်နေသည့် တိုက်ပွဲများသို့ ပို့ဆောင်ခံရသည့် ပုသိမ်မြို့မှ ရဲတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးမှုများရှိကြောင်း ပုသိမ်မြို့ရှိ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဂွမြို့နယ် ခမရ-၅၆၃ တပ်ရင်းကိုပို့တဲ့ ရဲတွေအကုန်ထွက်ပြေးတာ ဝါးခယ်မဘက်မှာ ပြန်မိတယ်။ တချို့လည်း လွတ်သွားတယ်။ ရဲတွေကို စစ်ဆေးရေးဂိတ်တွေမှာပဲ နေရမယ်ဆိုပြီး လိမ်ခေါ်တာ။ ဟိုရောက်တော့ စစ်တိုက်ခိုင်းတယ်။ သူတို့အချင်းချင်းပြောပြီး ပြေးကြတာ၊ စစ်မှုထမ်းသစ်တွေကတော့ လစ်ရင်လစ်သလို ပြေးကြတာ” ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်တချို့ကို ခမရ – ၅၆၃ (ဂွ) သို့ ပို့ဆောင်ပြီး ဂွရိုးမ စစ်ဆေးရေးဂိတ်တစ်ခုတွင် တာဝန်ချထားစဉ် ဒီဇင်ဘာ ၁၀ ရက်နေ့က ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် စစ်ကောင်စီ ခလရ (၃၆) ကျုံပျော်တပ်မှ စစ်ကောင်စီတပ်သား များသည်လည်း ဒီဇင်ဘာ ပထမအပတ်ထဲတွင် ရေကြည်မြို့နယ် သောင်တန်းရွာ အနောက်ဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရ၍ စစ်ကောင်စီက ရှာဖွေခဲ့ရာ (၆) ဦး ပြန်အဖမ်းခံရကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

သာပေါင်းမြို့ နယ်ခံကုန်သည်အမျိုးသမီးက “အခုသတင်းထွက်နေတာက သာပေါင်းက စစ်မှုထမ်းတွေ ထွက်ပြေးကြတာပေါ့။ တကယ်လဲပြေးတယ်။ ထွက်ပြေးတဲ့သူတွေရဲ့ အိမ်တွေပါ ချိတ်ပိတ်တာ။ ကျေးရွာအုပ်မှူးတွေကို လုံ/နယ်ဝန်ကြီးကပါ ခေါ်တွေ့တဲ့အဆင့် ရောက်နေပြီ။ ရခိုင်ကိုလွှတ်မှာဆိုတော့ ဘယ်သူမဆို ကြောက်တယ်လေ။ ပြေးမှာပါပဲ” ဟု ပြောသည်။

ထို့အပြင် စစ်မှုထမ်းသင်တန်းဆင်းထားသော ပုသိမ်မြို့ပေါ်ရပ်ကွက်ရှိ သင်တန်းဆင်းအယောက် ၅၀ ဦးသည်လည်း ထွက်ပြေးသွားသောကြောင့် စစ်ကောင်စီက မိသားစုကို ဖမ်းဆီးကာ အိမ်ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ပြန်ခေါ်နေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ အသက် ၃၅ မှ ၆၅ အတွင်းရှိ စစ်မှုထမ်းသင်တန်းဆင်းတချို့ကို ခလရ (၃၀၈) တပ်သို့ ခေါ်ယူစဉ် တိမ်ရှောင်သူတချို့ရှိကြောင်း သိရသည်။

ထိုသို့ထွက်ပြေးတိမ်းရှောင်သောကြောင့် အမှတ် (၃) ရပ်ကွက်မှ ပြည်သူ့စစ် (၂) ဦး၏ နေအိမ်အား စစ်ကောင်စီမှ ချိတ်ပိတ်သွားကြောင်း သိရသည်။

ထို့အပြင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့အမှတ် (၁၃) ရပ်ကွက် ကင်မလင်းကျွန်းရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် နေထိုင်သော ဘုန်းကြီးကျောင်းသားတချို့ကိုလည်း ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီက လာရောက်ခေါ်ဆောင်၍ စစ်မှုထမ်းခိုင်းထားကြောင်းလည်း ဒေသခံတို့ထံက သိရှိရသည်။

ထို့အပြင် အမှတ် (၆) စစ်အခြေခံ လေ့ကျင့်တပ်မှ စစ်မှုထမ်းတပ်သားသစ် ၄ ဦးသည်လည်း ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

လက်ရှိ၌ AA က ဂွမြို့နယ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေပြီး ယင်းသို့ ထိုးစစ်ဆင်နေမှုကြောင့် မကြာမီ ဂွမြို့နယ်ကို သိမ်းပိုက်ပြီး ဧရာ၀တီတိုင်းဘက်သို့ AA တပ်များ ဝင်ရောက်လာမည်ကို စစ်ကောင်စီနှင့် စစ်ကောင်စီတပ် လက်အောက်ခံများအကြား ကြောက်ရွံ့နေကြကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here