အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် ဖမ်းဆီးထောင်ချခံနေရသော ချင်းလူငယ် ၃၂ ဦး၏ ထောင်တွင်းအစာငတ်ခံ ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြန်ရပ်နားသွားပြီဟု ၎င်းတို့အရေးဆောင်ရွက်ပေးနေသော India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်ထံမှ သိရသည်။
ချင်းလူငယ် ၃၂ ဦးတို့သည် လွတ်ရက်စေ့ပြီဖြစ်သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိသောကြောင့် အမြန်ဆုံး လွှတ်ပေးရန် ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းကစ၍ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းအထိ ၅ ရက်ကြာ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ရာ ထောင်အာဏာပိုင်ဘက်က တုန့်ပြန်ခြင်းမရှိဘူးဟု ဆလိုင်းဒိုခါရ်က ပြောသည်။
ဆလိုင်းဒိုခါရ်က “ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ Supreme court ဘက်က အမိန့်ထွက်စရာရှိတယ်။ အဲဒါကို စောင့်တဲ့သဘောလို့တော့ ပြောတယ်။ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ အခု ဆန္ဒပြတာလဲ ရပ်ပြီဆိုတော့ ဆန္ဒပြတဲ့အချိန်တွင်းမှာတော့ အရမ်းကြီးထိခိုက်တာမျိုး မရှိပါဘူး” ဟု ပြောသည်။
အသက် ၁၈ နှစ်မှ ၂၅ နှစ် ဝန်းကျင်ရှိကြသည့် ချင်းလူငယ် ၃၂ ဦးတို့သည် ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှ စစ်ပြေးဒုက္ခသည်များအဖြစ် နယူးဒေလီမြို့ UNHCR လက်အောက်တွင် ခိုလှုံရန်ထွက်လာကြ သူများဖြစ်ပြီး အာသံပြည်နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ ထက်ဝက်ခန့်မှာ အမျိုးသမီးလူငယ်များဖြစ်ကြောင်း သိရသည်။
၎င်းတို့အားလုံးသည် ၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလပိုင်းတွင် ဖမ်းဆီးခံရသူများဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် လွတ်ရက်စေ့ပြီးသူများဖြစ်ကြောင်း India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်ကက ပြောသည်။
ထို့အပြင် ပြစ်ဒဏ်၊ ငွေဒဏ်အားလုံး ကုန်ကျခံပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြကာ ထောင်စည်းကမ်းများအတိုင်း ဆက်လက်ထိန်းသိမ်းခံကြရသည်မှာ ၃ နှစ် နီးပါး ရှိလာတော့မည် ဟုလည်း ၎င်း၏ပြောပြချက်အရ သိရသည်။
အိန္ဒိယပြည်နယ်၊ အာသံထောင်ထဲတွင် ချင်းလူငယ် ၃၂ ဦးနည်းတူ နိုင်ငံခြားသားဥပဒေဖြင့် ဖမ်းဆီးထောင်ချ ခံရသူအချို့မှာ လွတ်ရက်စေ့ပြီဖြစ်သော်လည်း ၁၀ နှစ်ကြာ ဆက်လက်ထိန်းသိမ်းခံရမှုများလည်းရှိသောကြောင့် ချင်းလူငယ် ၃၂ ဦး၏ အမြန်ဆုံးလွတ်မြောနိုင်ရေး လိုလားကြောင်း ဆလိုင်းဒိုခါရ်ကက ဆိုသည်။
“ဖမ်းဆီးခံရတဲ့သူတွေက အခုချိန်မလွတ်ဘူးဆိုလို့ရှိရင် သူတို့နဲ့အမှုတူတဲ့သူတွေ ၁၀ စုနှစ် ချီပြီးတော့မှ ထောင်ထဲမှာရှိတဲ့သူတွေ များတဲ့အခါကြတော့ သူတို့အမြန်လွတ်မြောက်ရေးကို တအားလိုလားတဲ့အတွက်ကြောင့် တတ်နိုင်သလောက် ကူညီပေးနေတာဖြစ်တယ်။ ကျွန်တော်တို့ လုပ်ပေးနိုင်တာကတော့ အစိုးရထံ မေတ္တာရပ်ခံစာ ပေးပို့တာ၊ UNHCR ထံ အကူညီတောင်းပေးတာတို့ကို ဆက်တိုက်လုပ်နေတာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်သော Indian Republic Day ကဲ့သို့သော နေ့ထူးနေ့မြတ်တွင် ထောင်ချခံရသော ချင်းလူမျိုးအပါအဝင် မြန်မာနိုင်ငံသားများအတွက် သမ္မတထံ အိတ်ဖွင့်စာပေးဆောင်ကာ လွတ်ငြိမ်းချမ်းသာခွင့်များ တောင်းခံပေးထားကြောင်းသိရပြီး လက်ရှိတွင် အဆိုပါတောင်းဆိုချက်များအပေါ် တစုံတရာ တုန့်ပြန်မှုမျိုး မရှိသေးကြောင်း ဆလိုင်းဒိုခါရ်က ဆိုသည်။
လက်ရှိတွင် ချင်းလူငယ် ၃၂ ဦးသည် ထောင်ထဲတွင် ဆက်လက်ထိန်းသိမ်းခံနေကြရပြီး ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများအပြင် အထူးသဖြင့် လွတ်ရက်စေ့ပြီ ဖြစ်သော်လည်း ပြန်လည်လွှတ်ပေးခြင်း မရှိသောကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြုံတွေ့နေကြရသည်ဟုလည်း သိရသည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲတွင်လည်း မြန်မာနိုင်ငံသား ၁၀၀ ကျော်ဆက်လက် ထိန်းသိမ်းခံထားရပြီး ၎င်းတို့ထဲက အကျဉ်းသား ၁၀၀ ဝန်းကျင်ကို မဏိပူရ်အစိုးရက စစ်ကောင်စီထံ လွှဲပြောင်းခဲ့ပြီး ဖြစ်သည်။
KMG ပေးပို့သည်။