အမ်းမြို့ကနေထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၂ ဦးကို CDF Asho ဖမ်းဆီးရမိ

0
119
Photo - CDF Asho

ရခိုင်ပြည်နယ် အမ်းမြို့မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၂ ဦးကို နှစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း Chin Defence Force – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် အမ်းမြို့မှ ထွက်ပြေးလာသော အဆိုပါ စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ရခိုင်ပြည်နယ်ကပဲ ဖြစ်ပါစေ၊ မကွေးတိုင်းထဲကပဲ ဖြစ်ပါစေ ထွက်ပြေးနေကြတဲ့စကစတွေကို ပြောချင်တာက နည်းမှန်လမ်းမှန်နဲ့ မှန်ကန်စွာ အလင်းဝင်နိုင်ရင် မိမိကိုယ်တိုင်ရော၊ မိသားစုအသက်ရော လုံခြုံစိတ်ချရမှု ရှိနိုင်တယ်။ အသက်ရှင်ဖို့ အခွင့်အလမ်းရှိတယ်လို့ ပြောချင်ပါတယ်” ဟု ဆလိုင်းရိုးချင်းက ပြောသည်။

ထိုသို့မဟုတ်ဘဲ တိုက်ပွဲရှုံးချိန်မှ လက်နက်ချပါက စစ်သုံ့ပန်းသည်ပင်လျှင် အနိမ့်ဆုံးအဆင့်ဖြစ်သည့်အတွက် စဉ်းစားချင့်ချိန်ပြီး လက်နက်ချအလင်းဝင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

ဇန်နဝါရီ ၁၃ ရက်နေ့က အမ်းမြို့နယ် ကြက်ရေစမ်းရွာအနီးစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးရွာအနီး၌ တားဆီးခဲ့သော်လည်း လက်နက်မချခဲ့ကြကြောင်း ဆလိုင်းရိုးချင်းက ပြောသည်။

ထိုသို့လက်နက်မချသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်ဖမ်းဆီးရာတွင် ဒဏ်ရာရှိထားသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း ဆေးကုသနေစဉ် သေဆုံးသွားခဲ့သည်ဟု ၎င်းကဆိုသည်။

ဇန်နဝါရီ ၁၄ ရက်နေ့တွင်လည်း အမ်းမြို့နယ် တောင်ဇောက်ရွာအနီးတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်နှင့် ငဖဲမြို့နယ် ရှောက်တောင်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF Asho ထံမှ သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပြီး ထွက်ပြေးသွားသည့် စစ်သားများနောက်သို့ လိုက်လံ၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်သား ၈ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ် ၁၅ လက်၊ စိန်ပြောင်းတစ်လက်အပြင် ခဲယမ်းနှင့် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း CDF Asho ထံမှ သိရသည်။

အာရက္ခတပ်တော် AA က အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းနောက် အာရက္ခတပ်တော်က အမ်းမြို့နှင့် မကွေးတိုင်းအစပ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံများက နေ့စဉ် ထွက်ပြေးနေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here