16 ဧပြီ 2025 /

See today's Peace Related News

သတင်းအင်းတော်မြို့သိမ်းတိုက်ပွဲ တပ်မမှူးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဖမ်းမိခဲ့

အင်းတော်မြို့သိမ်းတိုက်ပွဲ တပ်မမှူးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဖမ်းမိခဲ့

ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားသည့် တပ်မမှူးနှင့် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ကသာမြို့နယ် တနေရာတွင် ဖမ်းဆီးရမိခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်တို့ထံက စုံစမ်းသိရသည်။

အင်းတော်မြို့သည် စစ်ကောင်စီ၏ တပ်မ ၇၇ ရှေ့တန်းဌာနချုပ် အခြေစိုက်သည့်မြို့ဖြစ်ပြီး ဧပြီ ၇ ရက်နေ့ ညပိုင်း ၈ နာရီဝန်းကျင်က အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်နိုင်ပြီးနောက် တပ်မမှူးနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ဆုတ်ခွာသွားခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းနောက် ဧပြီလ ၈ ရက်နေ့ ညပိုင်းမှာပင် အဆိုပါ စစ်ကောင်စီတပ်မမှူးနှင့်အဖွဲ့ကို ဖမ်းဆီးရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောသည်။

“မနေ့ညကပဲ ဖမ်းမိတာဟုတ်တယ်။ ဘယ်လိုလဲတော့ သေချာမသိဘူး။ ထွက်ပြေးလာတဲ့အဖွဲ့ ၁၀၀ ကျော်တယ်ပြောတယ်။ မနက်ကပဲ စကားပြောပြီး လူကြီးပိုင်းကို လွှဲလိုက်ပြီပြောတယ်။ အင်းတော်မြို့ကလည်း တပ်မမှူးထိုင်ထားတာ။ ဗျူဟာထိုင်ထားတာ” ဟု ၎င်းကပြောသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်မမှူးနှင့်အဖွဲ့ကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဆီ တိုက်ရိုက်လွှဲပြောင်းလိုက်ကြောင်းသိရပြီး မည်သို့ဆက်လက်လုပ်ဆောင်သွားမည်ကို မသိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အင်းတော်မြို့သိမ်းတိုက်နိုင်ရန် တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ၂၀၂၄၊ ဩဂုတ်လ ၁၆ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၈ လနီးပါးအကြာ ယခု ၂၀၂၅၊ ဧပြီလ ၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို NUG အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉) အထူးစစ်ကြောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ရွှေဘို၊ ပြင်ဦးလွင်၊ ကလေး၊ မြင်းခြံ၊ ပခုက္ကူဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ကျောင်းသားတပ်မတော် ABSDF တို့က ပူးပေါင်းပါဝင်ခဲ့သည်ဟု NUG က ထုတ်ပြန်ပြောဆိုသည်။

အင်းတော်မြို့သည် ကချင်ပြည်နယ်ဝင်ပေါက် နန့်စီးအောင်မြို့နှင့် ၂၇ မိုင်အကွာတွင်တည်ရှိပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်း၊ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသည့်မြို့ဖြစ်သည်။

KNG ပေးပို့သည်။