သံဖြူဇရပ်မြို့ NLD ကိုယ်စားလှယ်ဟောင်း ငှားရမ်းနေထိုင်ခဲ့သည့် အဆောက်အဦး ချိတ်ပိတ်ခံရ

0
281
ပုံစာ - စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည့် အဆောက်အဦး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ငှားရမ်းနေထိုင်ခဲ့သည့် အဆောက်အဦးကို စစ်ကောင်စီက ဇူလိုင်လ ၅ ရက် တွင် ချိတ်ပိတ်သိမ်းဆည်း လိုက်ကြောင်း သိရသည်။

သံဖြူဇရပ်မြို့၊ ဗိုလ်နေဝင်းလမ်း၊ အောင်ဇေယျရပ်ကွက် သံဖြူဇရပ်မြို့နယ် ထွေ/အုပ်ရုံး ရှေ့ရှိ ဒေါ်မြင့်မြင့်ခိုင်ဆိုသူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်းရှိ (၆ x ၈) ပေ၊ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုး အဆောက်အဦးကို သံဖြူဇရပ် မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်မြတ်သီတာထွန်းက ငှားရမ်းနေထိုင်ခဲ့သည့်အပြင် မြို့နယ် NLD ရုံးခန်း အဖြစ်လည်း အသုံးပြုခဲ့ကြောင်း သိရသည်။

မြို့ခံတစ်ဦးက “ ဒေါ်မြတ်သီတာထွန်း ဌားရမ်းနေထိုင်ခဲ့တဲ့အတွက် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သတ်တယ် ဆိုပြီး ချိတ်ပိတ်သွားတာ။ အဲနေရာက NLD မြို့နယ် ရုံးခန်းအနေနဲ့လည်း ဖွင့်ခဲ့တယ်” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်မြတ်သီတာထွန်းကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)/၅၂ (က) ဖြင့် အမှုဖွင့်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ၌ သံဖြူဇရပ်မြို့နယ် NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသူ ဒေါ်မြတ်သီတာထွန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင် နေရပြီး လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် ကလည်း ‌ကျိုက်မရောမြို့နယ် NLD ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့်သည် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဆိုပြီး ၎င်းပိုင်ဆိုင်သည့် နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သည်ဟု ဆိုကာ မွန်ပြည်နယ် အတွင်းရှိ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ပါတီဝင်များ၊ ပါတီဝန်းရံ ထောက်ခံသူများ၏ နေအိမ်၊ ဈေးဆိုင်၊ ဆိုင်ခန်းများကို စစ်ကောင်စီက ချိတ်ပိတ်မှုများ ဆက်တိုက်ပြုလုပ် လာခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးထားသည့် နှစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင်များ၊ အရပ်သား ပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here