သံတွဲမြို့တွင် စစ်ကောင်စီပိတ်ဆို့ထားမှုကြောင့် ဒေသခံတစ်ထောင်ခန့် မြို့ပေါ်တွင်ပိတ်မိနေ

0
163

ရခိုင်ပြည်၊ သံတွဲမြို့တွင် ဒေသခံတစ်ထောင်ခန့်သည် စစ်ကောင်စီ၏ ပိတ်ဆို့ထားမှုကြောင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

ငွေကြေးအခက်အခဲ၊ လမ်းခရီးသွားခွင့် ကန့်သတ်မှု စသည့် အကြောင်းအမျိုးမျိုးကြောင့် ဒေသခံတစ်ထောင်ကျော်မှာ မြို့ပေါ်တွင် ကျန်ရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသခံတို့မှာ မြို့ပေါ်တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်လိုကြသော်လည်း စစ်ကောင်စီက ထွက်ခွင့်မပြု၍ မြို့ပေါ်တွင် ပိတ်မိနေကြခြင်းဖြစ်သည်။

မြို့တွင်းနေထိုင်သူ သံတွဲမြို့ခံတစ်ဦးက “AA က ငပလီကိုကျော်ပြီး သိမ်းလာနေပြီ။ မကြာခင် သံတွဲမြို့ကို ရောက်လာတော့မယ်။ တိုက်ပွဲကြား ပိတ်မိမှာစိုးတဲ့အတွက် ဒေသခံတွေက ရှောင်ချင်ကြတယ်။ ဒါပေမဲ့ စစ်ကောင်စီက မြို့အဝင်ပဲ လက်ခံတယ်၊ ထွက်ခွင့်မပေးဘူး” ဟု ပြောသည်။

ငပလီအခြေစိုက် တပ်ရင်းများ ကျသည်နှင့်တပြိုင်နက် အာရက္ခတပ်တော် AA ထိုးစစ်မှာ သံတွဲမြို့သို့ ဦးတည်လာ၍ စစ်ကောင်စီက မြို့တွင်းရှိ ဒေသခံများကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် အသုံးပြုရန် ကြိုးပမ်းနေသည်။

တဖက်တွင် စစ်ကောင်စီလော်ဘီများက သံတွဲမြို့အခြေအနေမှာ အေးချမ်းနေကြောင်း ဈေးတန်းဓာတ်ပုံများဖြင့် ဝါဒဖြန့်လှုံ့ဆော်မှုများ လုပ်ဆောင်နေသည်။

“စစ်ကောင်စီက AA တိုက်ခိုက်ဖို့ မလွယ်အောင် အရပ်သားတွေကို အသုံးချနေတာ” ဟု သံတွဲမြို့ခံ နောက်တစ်ဦးက ပြောသည်။

လက်ရှိတွင် ငပလီအခြေစိုက် ခမရ (၅၆၆) နှင့် သံတွဲလေဆိပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး ခလရ (၅၅) တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

စစ်ကောင်စီကလည်း ခလရ (၅၅) နှင့်အတူ တပ်မ (၁၀၁) လက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြားတပ်ရင်း အချို့အပြင် ရေကြောင်း၊ လေကြောင်းတို့ဖြင့် ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်နေသည်။

ငပလီနှင့် ၅ မိုင်ခန့် ကွာဝေးသည့် သံတွဲမြို့တွင် စစ်ကောင်စီက အကျဉ်းထောင်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး၌ လေကြောင်းမှတဆင့် အင်အားဖြည့်တင်းကာ နောက်ဆုံးခံစစ်အဖြစ် ပြင်ဆင်ထားကြောင်း သိရသည်။

သံတွဲသည် စစ်ကောင်စီအတွက် စီးပွားရေးအရသော်လည်းကောင်း၊ ဂုဏ်သိက္ခာအတွက်သော်လည်းကောင်း အကျိုးအမြတ်များစွာရှိနေ၍ အပြင်းအထန် ကာကွယ်နေခြင်းဖြစ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“ULA/AA က ထိန်းချုပ်လိုက် နိုင်တယ်ဆိုရင် နိုင်ငံရေးအားဖြင့် ဂုဏ်သိက္ခာ ရှိလာမှာဖြစ်ပြီး စစ်ကောင်စီ အတွက်တော့ ဂုဏ်သိက္ခာတွေ အများကြီး ကျဆင်းသွားမှာဖြစ်တယ်။ ဒါကြောင့် ဒီနေရာဟာ ဂုဏ်သိက္ခာအရရော၊ နိုင်ငံရေး၊ စီးပွားရေးအရပါ စစ်ကောင်စီဘက်က အများကြီး ကျဆုံးစေပြီး ULA/AA ကတော့ အဲဒီအရာတွေကို အောင်ပွဲ ဆင်နိုင်မှာ ဖြစ်တယ်” ဟု ဦးဖေသန်းက ပြောဆိုထားသည်။

သံတွဲမြို့သိမ်းတိုက်ပွဲသည် ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲများအနက် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး ခက်ခဲသည့်တိုက်ပွဲ ဖြစ်ကြောင်းလည်း AA က ပြောဆိုထားသည်။

လက်ရှိတွင် AA သည် သံတွဲအပြင် မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်ကောင်စီ၏ လက်ကျန်စခန်းကြီး နခခ (၂) လေးမိုင်စခန်းနှင့် နခခ (၅) မြို့သူကြီးစခန်းထဲမှ လေးမိုင်စခန်းကို ဇူလိုင်လ ၆ ရက်တွင် သိမ်းပိုက် ခဲ့သည်။

ယင်းအပြင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ (ဒကစ) ဌာနချုပ်နှင့် ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်တို့ကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားပြီး အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက် နေပြီဟု AA က ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here